အနီကတ်နှစ်ခါထိခဲ့ပေမယ့် လီဗာပူးကစားသမားပီသစွာ VAR ကံကောင်းခဲ့တဲ့ အယ်လစ်ဆန်

ဒီမနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အီကွေဒေါနဲ့ ဘရာဇီးတို့ရဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တဖက်တဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဘရာဇီးအတွက်ကတော့ ကမ္ဘာ့ဖလားကို ဝင်ရောက်ခွင့်ရရှိပြီးဖြစ်တာကြောင့် ဒီပွဲရလဒ်က ထွေထွေထူးထူး အကျိုးသက်ရောက်မှုမရှိပါဘူး။

ဒီပွဲမှာတော့ လီဗာပူးရဲ့ ဘရာဇီးဂိုးသမား အယ်လစ်ဆန်တယောက် အနီကတ် နှစ်ခါ ထိခဲ့ပေမယ့်  ကံကောင်းထောက်မစွာနဲ့ပဲ နှစ်ကြိမ်လုံးကို VAR ကြည့်ပြီး ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

အယ်လစ်ဆန်ဟာ ပထမအကြိမ်မှာ ပြိုင်ဘက်တိုက်စစ်မှူး အန်နာဗလင်စီယာရဲ့ခေါင်းကို ခြေထောက်မြောက်ပြီး ကန်မိခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ကတော့ တိုက်ရိုက်အနီနဲ့ အယ်လစ်ဆန်ကို ထုတ်ပယ်ခဲ့ပေမယ့် VAR ပြန်ကြည့်ချိန်မှာတော့ အယ်လစ်ဆန်ရဲ့ ခြေထောက်က ဘောလုံးကို အရင်ထိခဲ့တာကြောင့် အနီကတ်ကို ပယ်ဖျက်ကာ အဝါကတ်သာ ပြသခဲ့ပါတယ်။

နောက်တကြိမ်ကတော့ ပွဲပြီးခါနီးမှာ ဖြစ်ပွားခဲ့ပြီး ဖိလစ်တောရက်စ်ကို အယ်လစ်ဆန်က ဘောလုံးကာကွယ်ရင်း လက်သီးနဲ့ထိုးမိခဲ့တယ်ဆိုပြီး ဒုတိယအဝါကတ်ပြကာ နှစ်ဝါတနီနဲ့ အထုတ်ပယ်ခံခဲ့ရတာပါ။ ဘရာဇီးတို့ ပင်နယ်တီပါ ပေးရမှာဖြစ်ပေမယ့် ဒီတကြိမ်မှာလည်း ကံကောင်းခဲ့ပါတယ်။

VAR ပြန်ကြည့်ပြီးတဲ့နောက် အယ်လစ်ဆန်ရဲ့အနီကတ်က ပယ်ဖျက်ခံခဲ့ရပြီး တဖက်တဂိုးစီ သရေနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ တဖက်ကို ကစားသမားတယောက်စီ အထုတ်ခံခဲ့ရပြီး အီကွေဒေါအနေနဲ့လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ ခြေတလှမ်းရှေ့တိုးနိုင်ခဲ့ပါတယ်။