ဘယ်သူမထင်ထားတဲ့ ကစားသမားရဲ့ဗီဒီယိုကိုကြည့်ပြီး ပညာသင်ခဲ့တယ်လို့ ဟာလန်းဖွင့်ဟ

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက လက်စတာ တိုက်စစ်မှူး ဂျေမီဗာဒီက သူ့အတွက် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတယောက်ဖြစ်ပြီး သူ့ရဲ့ တိုးတက်မှုတွေအတွက် ဗာဒီရဲ့ ဗီဒီယိုတွေကို ကြည့်ရှု ပညာယူရတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဂျေမီဗာဒီဟာ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံတိုင်း အန္တရာယ်ပေးလေ့ရှိတဲ့ ကစားသမားဖြစ်ပြီး အသင်းကြီးတွေနဲ့ သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကလည်း လေးစားစရာ အနေအထားတရပ်မှာရှိနေပါတယ်။

ဟာလန်းက “ကျနော် လေ့လာသင်ယူတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကစားသမား အများကြီးကို ကျနော် ကြည့်ဖူးပါတယ်။ ဥပမာ တခု ဆိုပါစို့။ ဘောလုံးရနေတဲ့အချိန် ကျောနံပါတ် (၁၀) ကစားသမားက ဗဟိုနောက်ခံလူတွေရဲ့ နောက်မှာ ပြေးလွှားနေတယ်ဆိုပါစို့”

“အဲ့ဒီအတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုရင် ဂျေမီဗာဒီဖြစ်နိုင်ပါတယ်။ ကျနော် ဗာဒီ ကစားတာကို အသေအချာကို ကြည့်ဖူးပါတယ်။ ကျနော်အခုထိလည်း ဗာဒီ ကစားတာကို လေ့လာနေဆဲပါ။ စနေမှာ ကျနော် ပွဲကစားပြီးရင် အိမ်ပြန်တယ်”

“တနင်္ဂနွေမှာ ကျနော် တနေကုန် ဘောလုံးပွဲကြည့်ပါတယ်။ ကျနော် အရင်တည်းက ဒါမျိုးကို သဘောကျခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး သူ အမြဲတမ်း စောင့်ကြည့်နေရတဲ့ ဗာဒီနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခွင့်ရမလားဆိုတာတော့ လာမယ့် ရာသီမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။