နယူးကာဆယ်ဆီက ဘောနပ်စ်တောင်းတဲ့ မန်ယူကြောင့် တကမ္ဘာလုံးရှော့ခ်ရ

နယူးကာဆယ်ဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက် တိုက်စစ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေပါတယ်။

လင်ဂတ်ကိုယ်တိုင်ကလည်း ယူနိုက်တက်နဲ့ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အခုတည်းက အသင်းက ထွက်ဖို့ ပြင်ဆင်နေပါတယ်။

နယူးကာဆယ်အနေနဲ့ လင်ဂတ်အတွက် အငှားခေါ်ယူခ ပေါင် (၂.၅) သန်းကို ပေးချေမှာဖြစ်သလို လင်ဂတ်ရဲ့ လုပ်ခလစာကိုလည်း အငှားစာချုပ်သက်တမ်းအတွင်း အပြည့်အဝေပေးချေသွားမယ်လို့ ယူနိုက်တက်ကို ကမ်းလှမ်းထားတာဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ နယူးကာဆယ်အနေနဲ့ ရာသီကုန်မှာ တန်းမဆင်းခဲ့ရင် အပိုဆုကြေး ပေါင် (၁၂) သန်း ထပ်မံပေးချေဖို့အတွက် ယူနိုက်တက်ဘက်က ထပ်မံ တောင်းဆိုခဲ့တယ်လို့ သိရှိရပါတယ်။

နယူးကာဆယ်ဘက်ကရော၊ လင်ဂတ်ကိုယ်တိုင်ကပါ ယူနိုက်တက်ရဲ့ ဒီတောင်းဆိုမှုကို အကြီးအကျယ် အံ့အားသင့် ရှော့ခ်ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ ဒေးလီးမေးလ်ရဲ့ ဖော်ပြချက်အရ လင်ဂတ်အနေနဲ့ အသင်းတာဝန်ရှိသူတယောက်နဲ့ ဒီတပတ်မှာ တွေ့ဆုံခဲ့ပြီး အသင်းပြောင်းခွင့်ပေးဖို့ ထပ်မံပြောဆိုထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လင်ဂတ်အတွက် စာချုပ်သစ် ကမ်းလှမ်းမှုမှာ မူလရရှိနေတဲ့ လစာထက် လျှော့ချ ကမ်းလှမ်းခဲ့တာကြောင့် စာချုပ်သစ် ကိစ္စ ပျက်ပြယ်ခဲ့ရပါတယ်။

ဒါ့အပြင် လက်ရှိ ယူနိုက်တက်ရဲ့ သူ့အပေါ် ပြုမူပုံတွေက စာချုပ်သစ်မှာ လက်မှတ်မရေးထိုးတဲ့အပေါ် တုံ့ပြန်တဲ့အနေနဲ့ ရည်ရွယ်ချက်ရှိရှိ ပြုမူနေတယ်လို့ လင်ဂတ်က ယုံကြည်နေပါတယ်။