ပရီးမီးယားလိဂ်ကို လာခွင့်ရပေမယ့် ရေနစ်ခါနီးဒါဘီနဲ့အတူ နောက်ဆုံးအချိန်ထိ အတူရှိသွားမယ်ဆိုတဲ့ ရွန်းနီ

ဒါဘီနည်းပြ ရွန်းနီဟာ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ကို ကိုင်တွယ်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ဒီအခွင့်အရေးကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရှိရပါတယ်။

နည်းပြသစ်ရှာဖွေနေတဲ့ အဲဗာတန်ဟာ သူတို့ရဲ့ ကစားသမားဟောင်း ရွန်းနီကို နည်းပြအဖြစ် ခန့်အပ်ဖို့ ရွန်းနီရဲ့ အေးဂျင့်ဆီက တဆင့် ချဥ်းကပ်ခဲ့တာဖြစ်ပါတယ်။

ရွန်းနီ လက်ရှိ ကိုင်တွယ်နေတဲ့ ဒါဘီဟာ လိဂ်ချန်ပီယံရှစ်မှာ ရမှတ်လျှော့ပြစ်ဒဏ်တွေကြောင့် တန်းဆင်းဇုန်ထဲ ရောက်ရှိနေပြီး တလအတွင်း အသင်းပိုင်ရှင်အသစ် မရှာဖွေနိုင်ရင် အသင်း ဖျက်သိမ်းရနိုင်ခြေရှိပါတယ်။

ဒီလိုအနေအထားမျိုးမှာ ရွန်းနီအနေနဲ့ လွယ်လွယ်ကူကူနဲ့ အဲဗာတန်ကို သွားလို့ရပေမယ့် အခုလိုပဲ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ရွန်းနီက “အဲဗာတန်က ကျနော့်ကို အေးဂျင့်ကတဆင့် ချဥ်းကပ်ခဲ့ပါတယ်”

“ပြီးတော့ ကျနော်နဲ့ အင်တာဗျူးလုပ်ချင်တယ် ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ငြင်းလိုက်ပါတယ်။ ကျနော်က ပရီးမီးယားလိဂ် အသင်းတသင်းရဲ့ နည်းပြတယောက်ဖြစ်လာမယ်လို့ ယုံကြည်ထားပြီးသားပါ”

“ဒီအတွက်လည်း ရာနှုန်းပြည့် ကျနော် အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် ကျနော်အခု ဒါဘီမှာ အလုပ်ရှိပါသေးတယ်။ ဒါက ကျနော့်အတွက် အရေးကြီးပါတယ်” လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိရာသီမှာ ရွန်းနီရဲ့ ဒါဘီဟာ (၂၁) မှတ်အထိ လျှော့ချခံရပြီး အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားအောက်ဆုံးကနေ တဆင့် ပြန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။