ရန်းနစ်ဂ်ဆက်ရှိရင် သူလည်းဆက်နေမယ်ဖြစ်ပြန်တဲ့ ပေါ့ဘာ

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာက သူ့အနေနဲ့ လာမယ့် ဘောလုံးရာသီမှာ ရန်းနစ်ဂ်သာ နည်းပြအဖြစ် ဆက်ရှိမယ်ဆိုရင် စာချုပ်သစ်ကို လက်မှတ်ရေးထိုးသွားဖွယ်ရှိတယ်လို့ သိရှိရပါတယ်။

ပေါ့ဘာဟာ ရန်းနစ်ဂ် အသင်းကို ရောက်ရှိလာချိန်တည်းက ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာဖြစ်ပြီး လာမယ့်တပတ်မှသာ လေ့ကျင့်ခန်း အပြည့်အဝ ပြန်လည်ဆင်းနိုင်မှာဖြစ်ပါတယ်။

ရန်းနစ်ဂ်ရောက်ရောက်ချင်း ဒူဘိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ့်ဘာသာ လုပ်ဆောင်နေတဲ့ ပေါ့ဘာကို ပြန်ခေါ်ခဲ့ပြီး အသင်းဆေးအဖွဲ့နဲ့သာ လိုအပ်တာတွေ ပူးပေါင်းလုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပေါ့ဘာနဲ့ ရန်းနစ်ဂ်တို့အကြား ပြဿနာတက်နိုင်ခြေရှိတယ်လို့ ပရိသတ်တွေက ယူဆခဲ့ကြပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမဖြစ်ခဲ့ပါဘူး။

ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာဟာ စာချုပ်သက်တမ်း နောက်ဆုံးခြောက်လအတွင်းကို ရောက်ရှိနေပြီး လက်ရှိ အချိန်အထိ အသင်းနဲ့ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတဲ့ ကစားသမားပါ။

ပေါ့ဘာကိုခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီတို့က စိတ်ဝင်စားခဲ့သေးပေမယ့် လက်ရှိအချိန်မှာတော့ ဒီအသင်းတွေက ပေါ့ဘာကို စိတ်ဝင်စားဟန်မပြသတော့ပါဘူး။

ယူနိုက်တက်ကလည်း ပေါ့ဘာအတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်တင်လုပ်ခလစာငွေထဲမှာ ပါဝင်တဲ့ ပမာဏနဲ့ ကမ်းလှမ်းနေပြီး ပေါ့ဘာကလည်း ဒါကို အလေးအနက်ထားစဥ်းစားနေပါတယ်။

ယူနိုက်တက် ဘုတ်အဖွဲ့ကလည်း ရန်းနစ်ဂ်ရဲ့ လတ်တလော စွမ်းဆောင်ရည်တွေကို သဘောကျနေတာကြောင့် နည်းပြသစ်ရှာဖွေတဲ့ကိစ္စကို ခေတ္တရပ်နားထားတယ်လို့ သိရပြီး ပေါ့ဘာကလည်း ရန်းနစ်ဂ်ရဲ့ နည်းစနစ်တွေကို သဘောကျနေတာကြောင့် ရန်းနစ်ဂ်သာ ဆက်ရှိမယ်ဆိုရင် စာချုပ်သစ် ချုပ်ဆိုသွားဖို့ ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။