ဖရက်ဒ်ကို လူ့လောကကြီးအပေါ် စိတ်ကုန်သွားအောင်လုပ်ခဲ့ဖူးတဲ့ လီဗာပူးပစ်မှတ်

လီဗာပူးဟာ ပေါ်တိုနဲ့ ကိုလံဘီယာ တောင်ပံ ကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

ဒီကစားသမားဟာ စပါးရဲ့ ပစ်မှတ်ဖြစ်ခဲ့ပေမယ့် လီဗာပူး ပါဝင်လာချိန်မှာတော့ ကစားသမားကိုယ်တိုင်က လီဗာပူးကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ဒီကစားသမားနဲ့ ပတ်သက်လို့ ပရိသတ်တွေက အတိတ်က ဖြစ်ရပ်တခုကို တူးဆွနေကြပါတယ်။

ဒါကတော့ လူးဝစ်ဒီယက်ဇ်တယောက် နိုင်ငံလက်ရွေးစင်ပွဲမှာ ယူနိုက်တက်ရဲ့ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ်ကို ကောင်းကောင်းအကွက်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီအကွက်ကိုတော့ ပြီးခဲ့တဲ့ (၂၀၂၁) က ဘရာဇီးနဲ့ ကိုလံဘီယာတို့ ထိပ်တိုက်တွေ့ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်မှာ ဒီယက်ဇ်က ပြသခဲ့တာပါ။

ထောင့်ကန်ဘော အလံတိုင်ထောင့်နားမှာ ဒီယက်ဇ်က ဖရက်ဒ်ကိုတင် မဟုတ်ဘဲ ပီအက်စ်ဂျီ အသင်းခေါင်းဆောင် နောက်ခံလူ မာကွင်ဟို့စ်ကိုပါ လှလှပပ လှည့်ထွက်သွားခဲ့တာဖြစ်ပြီး ဖရက်ဒ်ရော၊ မာကွင်ဟို့စ်ရော နှစ်ယောက်လုံး ငုတ်တုတ်မေ့ကျန်ခဲ့ရပါတယ်။

လီဗာပူး ပရိသတ်တွေကတော့ ဒီယက်ဇ်တယောက် အသင်းကို ရောက်လာချိန်မှာလည်း ဒီလိုမျိုးတွေ ထပ်မံ စွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လီဗာပူးကလည်း ဒီယက်ဇ်အတွက် ပေါ်တိုကို တရားဝင် ကမ်းလှမ်းထားပါပြီ။

ပေါ်တိုနဲ့လီဗာပူးတို့ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ တအုပ်စုတည်းကျရောက်ခဲ့ကြပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ အဲ့ဒီမှာပဲ ဒီယက်ဇ်ရဲ့ ခြေစွမ်းကို မျက်ဝါးထင်ထင် တွေ့ရှိခဲ့တဲ့နောက် အခုလိုပဲ ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။