အပြောင်းအရွှေ့နောက်ဆုံးပိုင်းမှာ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်တော့မယ့် အာဆင်နယ်နဲ့စပါး

အာဆင်နယ်နဲ့ စပါးတို့ဟာ ဂျူဗင်တပ်စ် တောင်ပံကစားသမား ကူလက်ဗ်စကီးကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလာကြတယ်လို့ သိရှိရပါတယ်။ ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူပြီးတဲ့နောက် အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်မှာဖြစ်ပါတယ်။

ဒီအနေအထားမှာ မိုရာတာ၊ ကူလက်ဗ်စကီးနဲ့ ဘန်တန်ကာတို့ ပါဝင်လာခဲ့ပါတယ်။ မိုရာတာကိုခေါ်ယူဖို့အတွက် အာဆင်နယ်၊ စပါးတို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြထားပြီး လက်ရှိအချိန်မှာ ကူလက်ဗ်စကီးအတွက်ပါ နှစ်သင်းလုံးက စိတ်ဝင်စားလာကြပါပြီ။

အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့နွေရာသီတည်းက ဒီကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သိရပြီး စပါးကလည်း လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေကို လက်လွှတ်ခဲ့ရတဲ့နောက် ကူလက်ဗ်စကီးဘက်ကို မြားဦး လှည့်လာခဲ့တာပါ။

စပါးဟာ အဒမ်မာထရာအိုရေး၊ ဒီယက်ဇ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဒီကစားသမားနှစ်ယောက်လုံးကို ဘာစီလိုနာ၊ လီဗာပူးတို့ဆီ လက်လွှတ်ခံလိုက်ရပါတယ်။

အာဆင်နယ်ကလည်း ဗလာဟိုဗစ်၊ ဂွီမာရက်စ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဒီကစားသမားနှစ်ယောက်လုံးက အာဆင်နယ်ကို ငြင်းဆန်ခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ကွင်းလယ်လူတယောက်နဲ့ တိုက်စစ်မှူးတယောက်ကို လက်ကျန်ရာသီဝက်အတွက် မဖြစ်မနေ အင်အားဖြည့်တင်းရမှာပါ။

အဲ့ဒါကြောင့်လည်း ဆောင်းရာသီ အပြောင်းအရွှေ့ ပြီးဆုံးဖို့ သုံးရက်သာ လိုတော့ချိန်မှ, ဂျူဗင်တပ်စ် ကစားသမားအတွက် အာဆင်နယ်နဲ့စပါးတို့ရဲ့ အားပြိုင်မှုမှာ ဘယ်သူ အသာရသွားမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။