အာဖရိကဖလား အကြိုဗိုလ်လုပွဲတက်ခဲ့တဲ့ အိမ်ရှင် ကင်မရွန်းနဲ့ ဘာကီနာဖာဆို

ကင်မရွန်းနဲ့ ဘာကီနာဖာဆို အသင်းတို့ကတော့ အာဖရိကဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပြိုင်ဘက် အသင်းတွေကို အနိုင်ရပြီး အကြိုဗိုလ်လုပွဲအဆင့်ကို တက်သွားခဲ့ပြီဖြစ်ပါတယ်။

အိမ်ရှင် ကင်မရွန်းအသင်းဟာ ကွာတားဖိုင်နယ်မှာ ဂမ်ဘီယာ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာ ကင်မရွန်း အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ကင်မရွန်းအတွက် (၂)ဂိုးလုံးကို အီကမ်ဘီ က သွင်းယူခဲ့တာပါ။

ကင်မရွန်း အသင်းဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို (၅)ကြိမ်ရရှိထားတာဖြစ်ပြီး ဒီတကြိမ်မှာလည်း အိမ်ရှင် အသင်းဖြစ်တာကြောင့် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေခဲ့တာဖြစ်ပါတယ်။

ကင်မရွန်း အသင်းဟာ အီဂျစ်နဲ့ မော်ရိုကို တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ အကြိုဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။

ဘာကီနာဖာဆို အသင်းကလည်း တူနီးရှား အသင်းကို အံအားသင့်ဖွယ် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အကြိုဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။ဘာကီနာဖာဆို အတွက် ဂိုးကို ကွာတာရာ က သွင်းယူခဲ့တာဖြစ်ပြီး သူဟာ ပွဲချိန်(၈၂)မိနစ်မှာ အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပါတယ်။

ဘာကီနာဖာဆို အသင်းဟာ အာဖရိကဖလား ပြိုင်ပွဲသမိုင်းတလျှောက် ချန်ပီယံဆုကို တကြိမ်မှ ရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အမြင့်ဆုံး အောင်မြင်မှုအဖြစ် (၂၀၁၃) က ဒုတိယရခဲ့တာသာ ရှိခဲ့တာပါ။

ဘာကီနာဖာဆို အသင်းဟာ အကြိုဗိုလ်လုပွဲအဖြစ် ဆီနီဂေါ အသင်းနဲ့ ဂူနီယာ တို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။