အသင်းဟောင်း ဘာကာကို ကူညီဖို့ လုပ်ခလစာလျှော့ယူပြီး ပြန်လာတဲ့ ထရာအိုရေး

ဝုလ်ဗ်စ် အသင်း တိုက်စစ်ကစားသမား ထရာအိုရေး ကတော့ အသင်းဟောင်း ဘာစီလိုနာ အသင်းကို အခုနှစ်ရာသီအကုန်ထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ရာသီကုန်ချိန်မှာ ထရာအိုရေး ကို ပေါင်သန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ထရာအိုရေး ကို ခေါ်ယူဖို့ စပါး အသင်းကလည်း ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ အသင်းဟောင်း ဘာစီလိုနာ ရဲ့အခက်အခဲတွေကို ကူညီဖို့ အတွက် ပြန်လာဖို့ ရွေးချယ်ခဲ့တာပါ။

ထရာအိုရေး ဟာ ဝုလ်ဗ်စ် အသင်းမှာ ရရှိနေတဲ့ လစာထက်တောင် လျှော့ယူပြီး ဘာစီလိုနာ အသင်းမှာ ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။ထရာအိုရေး ဟာ ဝုလ်ဗ်စ် အသင်းမှာ တပတ်ပေါင်(၄)သောင်းကျော် အထိ ရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာ အသင်းမှာ တပတ်ပေါင် (၁၅၀၀၀) သာ ရယူပြီး ကစားသွားမှာပါ။စပိန်ကလပ် ဟာ ဘဏ္ဍာရေး အခက်အခဲတွေ ကြုံတွေ့နေရတာဖြစ်ပြီး ဒါကို ထရာအိုရေး က လစာအများကြီး မယူပဲ အသင်းကို ကူညီပေးနိုင်ဖို့သာ အဓိကဆိုပြီး ပြန်လာခဲ့တာဖြစ်ပါတယ်။

ထရာအိုရေး ဟာ ကစားသမားဘဝအစကို ဘာစီလိုနာ အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး (၂၀၁၅)မှာ နူးကမ့်ပ် ကနေ ထွက်ခွာကာ အက်စတွန်ဗီလာ ကို ပြောင်းရွှေ့ခဲ့တာပါ။အဲ့ဒီနောက် မယ်ဒယ်ဘရော့ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး (၂၀၁၈) မှာ ဝုလ်ဗ်စ် အသင်းထံ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ထရာအိုရေး ဟာ ဝုလ်ဗ်စ် အသင်းအတွက် (၁၅၄)ပွဲပါဝင်ကစားကာ (၁၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဝုလ်ဗ်စ် အသင်းရဲ့နည်းစနစ်ပိုင်းဒါရိုက်တာ က “ဘာစီလိုနာ ဟာ မြို့ကြီးနဲ့ အသင်းကြီးဖြစ်တယ်ဆိုတာ လူတိုင်းသိပြီး အဒမ်မာ ရဲ့နှလုံးသားနဲ့လည်း နီးစပ်ပါတယ်။ဒီအပြောင်းအရွှေ့ဟာ သူ့အတွက် အိမ်မက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဖေဖော်ဝါရီ(၆)ရက်မှာ အသလက်တီကို အသင်းနဲ့ လာလီဂါပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ထရာအိုရေး ပွဲထွက်ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။