ဘာကာတို့ စတာလင်ကို ပလစ်၊ ဖာရန်တောရက်စ်ကို ခေါ်ခဲ့တဲ့ နောက်ကွယ်ကအကြောင်းရင်း

ဘာစီလိုနာဟာ ဒီရာသီ အစောပိုင်းတည်းက မန်စီးတီး တောင်ပံ ကစားသမား စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မစခင် ရက်ပိုင်းအလိုမှာတင် ဖာရန်တောရက်စ်ကို ဘာစီလိုနာတို့ ခေါ်ယူခဲ့ပါတယ်။

ဒီလိုမျိုး အပြောင်းအရွှေ့ ပစ်မှတ်ပြောင်းလဲခဲ့ရတဲ့ ဘာစီလိုနာတို့ရဲ့ ရည်ရွယ်ချက်ကို သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ စတာလင်နဲ့ ဆွေးနွေးပြီးတဲ့နောက် ကစားသမားအနေနဲ့ အသင်းမှာ ရေရှည် အသားကျမှုရှိနိုင်၊ မရှိနိုင် အပေါ်ကို သံသယဝင်ခဲ့ပါတယ်။

ဘာစီလိုနာ အားကစားဒါရိုက်တာ အယ်လ်မန်နီက စတာလင်ရဲ့ အနေအထားအပေါ် ယုံကြည်စိတ်ချမှုမရှိခဲ့သလို ဘာစီလိုနာနည်းပြ ဇာဗီကလည်း စတာလင်နဲ့ ပတ်သက်လို့ ရေရှည်မှာ အောင်မြင်မှုမရနိုင်ဘူးလို့ စိုးရိမ်ပူပန်ခဲ့ပါတယ်။

ဒါ့အပြင် အဂွေရို နှလုံးရောဂါကြောင့် ဘောလုံးလောက,က အနားယူသွားပြီးနောက်ပိုင်း ဘာစီလိုနာတို့ ပစ်မှတ်ပြောင်းလဲခဲ့ပြီး အခုလိုပဲ ဖာရန်တောရက်စ်ကို ခေါ်ယူဖြစ်ခဲ့တာပါ။

ဖာရန်တောရက်စ်ဟာ စပိန် လက်ရွေးစင် တယောက်ဖြစ်ပြီး ရာသီ အစပိုင်းမှာလည်း မန်စီးတီးအတွက် အကောင်းဆုံး ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာလီဂါအတွေ့အကြုံရှိပြီးသား ကစားသမားတယောက်ဖြစ်တာကြောင့် ဘာစီလိုနာတို့ ဖာရန်တောရက်စ်ကို လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချ ခေါ်ယူခဲ့တာပါ။

ဖာရန်တောရက်စ်အတွက် ဘာစီလိုနာတို့ ပြောင်းရွှေ့ကြေး ယူရို (၅၅) သန်း အသုံးပြုခဲ့ရပြီး မန်စီးတီးကလည်း ကစားသမားရဲ့ ဆန္ဒကို လိုက်လျောပြီး အသင်းပြောင်းရွှေ့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။