အဝတ်လဲခန်းအတွင်း စည်းလုံးမှုပိုကောင်းဖို့ ရော်နယ်ဒိုရဲ့ လုပ်ဆောင်မှုတခု

ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက်လူငယ်ကစားသမားတွေရှိနေတဲ့ Whatsapp ဂရုထဲကို ဝင်ရောက်လာပြီး လူငယ်ကစားသမားတွေအပါအဝင် အသင်းတွင်း စည်းလုံး ညီညွှတ်မှုကို ဦးဆောင် တည်ဆောက်ဖို့ ကြိုးစားလာတယ်လို့ သိရှိရပါတယ်။

ရော်နယ်ဒိုဟာ မကြာခင်ကပဲ ယူနိုက်တက် လူငယ် ကစားသမားတွေရဲ့ ခံယူချက်အပေါ် လူသိရှင်ကြား ဝေဖန်ခဲ့ဖူးပြီး လူငယ် ကစားသမားတွေက သူ့ကို ခပ်စိမ်းစိမ်းဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အထူးသဖြင့် ဂရင်းဝုဒ်က ရော်နယ်ဒိုကို လူပေးမကစားဘဲ တကိုယ်ကောင်းဆန်ဆန် ကစားနေပြီး ဒီအပေါ်မှာလည်း ပရိသတ်တွေက ဂရင်းဝုဒ်ကို အမြင်မကြည်ဖြစ်နေပါတယ်။ လက်ရှိ ရော်နယ်ဒို ပါဝင်လာတဲ့ ဂရုချက်ထဲမှာ အသက် (၂၄) နှစ်အရွယ် ရပ်ရှ်ဖို့ဒ်လည်း ပါဝင်ပါတယ်။

ဒါ့အပြင် အသက် (၁၉) နှစ်အရွယ် အီလန်ဂါ၊ နော်တင်ဟမ် ဖောရက်စ်မှာ အငှားနဲ့ သွားကစားနေတဲ့ အသက် (၂၀) အရွယ် ဂျိမ်းစ်ဂါနာ နဲ့ အသက် (၂၉) နှစ်အရွယ် လင်ဂတ်တို့လည်း ပါဝင်တယ်လို့ သိရှိရပါတယ်။

သတင်းရင်းမြစ်တယောက်က “အသင်းမှာရှိတဲ့ လူငယ်ကစားသမား အများစုက Whatsapp ကို အသုံးများကြပါတယ်။ ဟာသဗီဒီယိုတွေ၊ ကွန်ပျူတာဂိမ်းတွေ၊ ဖက်ရှင်ဒီဇိုင်းတွေကို အဲ့ဒီမှာပဲ အချင်းချင်း ဝေမျှနေကြတာပါ”

“ရော်နယ်ဒိုက အဲ့ဒီအထဲမှာ အသက်နှစ်ဆနီးပါးလောက် ပိုကြီးတယ်တောင် ပြောရမှာပါ။ ဒါပေမယ့် ရော်နယ်ဒို အဲ့ဒီဂရုထဲ ရောက်လာတာနဲ့ ပတ်သက်လို့ အားလုံး ပျော်ရွှင်နေကြပါတယ်။ ဒါက ရော်နယ်ဒိုအတွက် လူငယ်တွေကို ချဥ်းကပ်ရ ပိုလွယ်စေမှာပါ”

“အထူးသဖြင့် လူငယ် ကစားသမားတွေ ပုံစံကောင်းပြသဖို့ ရုန်းကန်နေရတဲ့ အချိန်မျိုးမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။