ဂျူဗီကိုမသွားဘဲ အာဆင်နယ်ကိုပဲသွားသင့်တယ်လို့ ဝေဖန်ခံနေရတဲ့ ဗလာဟိုဗစ်

ဂျူဗင်တပ်စ်တို့ ဖီအိုရင်တီးနားကနေ ပူပူနွေးနွေးခေါ်ယူထားတဲ့ တိုက်စစ်မှူး ဗလာဟိုဗစ်အနေနဲ့ အာဆင်နယ် ဒါမှမဟုတ် စပါးကိုသာ ပြောင်းရွှေ့သင့်တယ်လို့ အီတလီ နာမည်ကျော် ကစားသမားဟောင်း ကာဆာနိုက ပြောကြားလိုက်ပါတယ်။

ဗလာဟိုဗစ်ကိုခေါ်ဖို့ အာဆင်နယ်က အသည်းအသန် ကြိုးစားခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အာဆင်နယ်ကို ငြင်းပြီး ဂျူဗင်တပ်စ်ကိုသာ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ကာဆာနိုက “ဂျူဗင်တပ်စ်က အယ်လီဂရီနည်းပြနေသရွေ့ နောက်နှစ် ဒါမှမဟုတ် နောက်ဆယ်နှစ်နေလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျနော့် အမြင်ပြောရရင် ဗလာဟိုဗစ်ရဲ့ ဆုံးဖြတ်ချက်က မှားယွင်းပါတယ်”

“သူ့အနေနဲ့ ချက်ချင်း အဆင့်တက်နိုင်မယ့် အာဆင်နယ်၊ စပါး ဒါမှမဟုတ် ဆီဗီလာကို ဖြစ်ဖြစ် ပြောင်းသင့်ပါတယ်။ ဆီဗီလာကလည်း မာရှယ်ကို ခေါ်ထားတယ်လေ”

“ကျနော့်အတွက်တော့ ခင်ဗျားတို့ သိတဲ့အတိုင်း ဗလာဟိုဗစ်က ဒုတိယတန်းစား ကစားသမားအဖြစ် ရှိနေဦးမှာပါ။ ဂျူဗင်တပ်စ်ကို ပြောင်းတာ သူ့အတွက် ကြီးမားတဲ့ ခြေလှမ်းတရပ်ပါ”

“ဖီအိုရင်တီးနားမှာ ကစားတာက မတူပါဘူး။ သူ့အတွက် အရမ်းကို အရေးကြီးတဲ့ အဆင့်တခုဖြစ်လာပြီး အဲ့ဒီနောက်မှာလည်း စွန့်စားရတာတွေ ရှိလာပါတယ်။ ဖီအိုရင်တီးနားမှာ လုပ်ခဲ့သလောက်နဲ့ ဂျူဗင်တပ်စ်မှာ မလုံလောက်နိုင်ပါဘူး”

“(၁၅) ဂိုး၊ ဂိုး (၂၀) လောက် သွင်းနေရုံနဲ့ မလုံလောက်ပါဘူး။ ဂျူဗင်တပ်စ်မှာ ပွဲတိုင်းက ဆုံးဖြတ်ပေးနိုင်ပြီး သူ့အတွက် အန္တရာယ်များတဲ့ ဖိအားတခုပါ” လို့ ပြောကြားသွားခဲ့ပါတယ်။