စာမေးပွဲမဖြေဘဲ ပတ်ပြေးနေလို့ ချန်ပီယံလိဂ်မှာ ရီးရဲယ်ကိုနည်းပြခွင့် ဆုံးရှုံးနိုင်တဲ့ အန်ဆယ်လော့တီ

ရီးရဲယ်မက်ဒရစ်နည်းပြကြီး အန်ဆယ်လော့တီဟာ နည်းပြလိုင်စင် သက်တမ်း ကုန်ဆုံးနေပြီဖြစ်တာကြောင့် ဒီအတွက် စာမေးပွဲပြန်မဖြေဘူးဆိုရင် ဖေဖော်ဝါရီအတွင်း ကစားမယ့် ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်ရှုံးထွက် ပွဲစဥ်တွေကို ကွင်းဘေးမှာ ကြီးကြပ်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။

အန်ဆယ်လော့တီဟာ သက်တမ်းရင့် နည်းပြကြီးတယောက်ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာ (၃၁) မှာ သူ့ရဲ့ ယူအီးအက်ဖ်အေ နည်းပြ လိုင်စင်သက်တမ်းက ကုန်ဆုံးခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ယူအီးအက်ဖ်အေက အန်ဆယ်လော့တီထံ စာရေးသားပြီး နည်းပြ လိုင်စင် ပြန်လည်ဖြေဆိုဖို့အတွက် အကြောင်းကြားထားတယ်လို့ သိရှိရပါတယ်။ စပိန် ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ ဒါဟာ သက်တမ်းရင့်နည်းပြတယောက်၊ အအောင်မြင်ဆုံး နည်းပြတွေထဲက တယောက်အတွက် မှားယွင်းတဲ့အရာတခုဖြစ်တယ်လို့ ယဥ်ယဥ်ကျေးကျေးတုံ့ပြန်ထားပါတယ်။

တဖက်မှာလည်း ယူအီးအက်ဖ်အေကတော့ သူတို့ရဲ့ စည်းမျဥ်းကို ပြင်ဆင်ပေးသွားဖွယ်မရှိဘဲ အန်ဆယ်လော့တီကို နည်းပြခွင့် ပိတ်ပင်ထားဖွယ်ရှိနေပါတယ်။

ဒါပေမယ့် အန်ဆယ်လော့တီအနေနဲ့ ဒီကြားထဲမှာ နည်းပြလိုင်စင် စာမေးပွဲကို ပြန်လည်ဖြေဆိုဖြစ်ခဲ့ရင်တော့ ချန်ပီယံလိဂ်မှာ ရီးရဲယ်မက်ဒရစ်ရဲ့ ပွဲစဥ်တွေကို စိတ်ဖြောင့်ဖြောင့်နဲ့ ကိုင်တွယ်ခွင့်ရရှိမှာဖြစ်ပါတယ်။

အသက် (၆၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီတလီလူမျိုး နည်းပြကြီးဟာ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်အပါအဝင်၊ အီတလီ၊ အင်္ဂလန်၊ ပြင်သစ်၊ စပိန်နဲ့ ဂျာမနီမြေတို့မှာ ပြည်တွင်း ဆုဖလားပေါင်းများစွာကို ဆွတ်ခူးထားနိုင်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။