မဖြစ်နိုင်တာတွေကိုပဲ လုပ်ပြနေတဲ့ ရွန်းနီရဲ့ဒါဘီနည်းပြဘဝ

ရွန်းနီ ကိုင်တွယ်နေတဲ့ ဒါဘီဟာ မနေ့ညက ကစားခဲ့တဲ့ လိဂ်ချန်ပီယံရှစ်ပွဲစဥ်မှာ ပွဲကစားချိန် (၈၇) မိနစ် အထိ ရှုံးနိမ့်နေခဲ့ပေမယ့် ပွဲအပြီးမှာတော့ သရေတမှတ် ပြန်လည် ရရှိအောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။

ဘာမင်ဂမ်နဲ့ ကစားခဲ့တဲ့ ဒီပွဲမှာ ဒါဘီတို့ နှစ်ဂိုးပြတ်နဲ့ (၈၇) မိနစ်အထိ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး လုခ်ပလန့်က ဒါဘီအတွက် ပထမချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ခရစ္စတီယန်ဘီလစ်ခ်က နောက်ပြန်ကန်ချက်နဲ့ ဒါဘီအတွက် သရေတမှတ်ရရှိစေမယ့် သွင်းဂိုးတဂိုးကို သွင်းယူပေးခဲ့ပြီး အံ့အားသင့်ဖွယ် Comeback ကို ပုံဖော်ပေးခဲ့တာဖြစ်ပါတယ်။

ဒါဘီဟာ ရွန်းနီလက်ထက်မှာ ကွင်းတွင်း အကောင်းဆုံး ပုံစံတွေ ပြသနေပေမယ့် ကွင်းပြင်ပ အသင်းရဲ့ အနေအထားကတော့ ဖျက်သိမ်းခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါဘီအနေနဲ့ ဒီရာသီမှာ ရမှတ် (၂၁) မှတ် အလျှော့ခံရပြီး ဇယား အောက်ဆုံးအထိ ရောက်ရှိခဲ့ပေမယ့် ရွန်းနီက အသင်းကို နိုင်ပွဲတွေနဲ့ အကောင်းဆုံး ပြန်လည် ဆွဲထူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ကို အဲဗာတန် နည်းပြ ရာထူးအတွက် ကမ်းလှမ်းလာချိန်မှာလည်း ရွန်းနီက ငြင်းဆန်ပယ်ချခဲ့ပြီး အနာဂတ် ဘာဖြစ်မယ်မှန်း မသိတဲ့ ဒါဘီမှာသာ ဆက်နေဖို့၊ ရုန်းကန်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ပရိသတ်တွေကတော့ အဆိုးရွားဆုံး အနေအထားကနေ အကောင်းဆုံး ပြန်လာနေတဲ့ ဒါဘီမှာ ရွန်းနီရဲ့ ကစားသမားဘဝက နိုင်လိုစိတ်၊ သရဲနီစိတ်ဓာတ်တွေ ကိန်းအောင်းနေပြီ၊ မဖြစ်နိုင်တာတွေကို လုပ်ပြနေပြီလို့ အသီးသီး ချီးကျူးနေကြပြီဖြစ်ပါတယ်။