ရီးရဲယ်နဲ့ပြိုင်ဘက်အဖြစ် ပြန်မတွေ့ချင်လို့ ရာမို့စ်တယောက် နာချင်ယောင်ဆောင်လိုက်ပြီလား?

ပီအက်စ်ဂျီ နောက်ခံလူ ရာမို့စ်ဟာ အသင်းသစ်ကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ရုန်းကန်နေရပြီး အခုချိန်မှာလည်း အသင်းဟောင်း ရီးရဲယ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်ကို လွဲချော်နိုင်ဖွယ်ရှိပါတယ်။

အသက် (၃၅) နှစ်အရွယ် စပိန်လူမျိုး ဝါရင့်နောက်ခံလူကြီးဟာ ရီးရဲယ်မက်ဒရစ်မှာ (၁၆) နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။

ရာမို့စ်ဟာ အသင်းသစ်မှာ ညာဘက် ခြေသလုံးကြွက်သားဒဏ်ရာကို ဆက်တိုက် ခံစားခဲ့ရပြီး ပြီးခဲ့တဲ့ ကြာသပတေးက ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာလည်း ဒီဒဏ်ရာပဲ ထပ်မံရရှိခဲ့တယ်လို့ သိရှိရပါတယ်။

ရာမို့စ်ဟာ တနင်္ဂနွေမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်ကို လွဲချော်ခဲ့ပြီး ဒီညမှာ ကစားမယ့် နိုက်စ်နဲ့ ပြင်သစ်ဖလားပွဲစဥ်ကို သေချာပေါက် လွဲချော်ရပါလိမ့်မယ်။

ဒါ့အပြင် ရီးရဲယ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲ ကစားဖို့ကလည်း (၁၆) ရက်သာ လိုအပ်ပြီး ရာမို့စ်အနေနဲ့ နောက်တပတ်မှ လေ့ကျင့်ခန်း ဆင်းနိုင်မယ့် အနေအထားမှာ ရီးရဲယ်မက်ဒရစ်နဲ့ပွဲကို လွဲချော်သွားဖွယ်ရှိပါတယ်။

နည်းပြ ပိုချက်တီနိုဟာ အရင်တည်းက ရာမို့စ်ကို အရဲစွန့်အသုံးပြုသွားမှာမဟုတ်ဘူးလို့ အရင်တည်းက ပြောထားတာကြောင့် အခု ရာမို့စ်ရဲ့ ဒဏ်ရာအပေါ် ပရိသတ်တွေက အသင်းဟောင်း ရီးရဲယ်မက်ဒရစ်နဲ့ ပြန်လည် မရင်ဆိုင်ချင်တာကြောင့် အခုလိုဖြစ်နေရတယ်လို့ နောက်ပြောင်မှုတွေရှိနေပါတယ်။