ရော်နယ်ဒို က ရီးရယ်လ် ကို မပြောင်းခင် ဘာကာကို လာဖို့ နီးစပ်ခဲ့တာလို့ ပီကေး ပြော

ဂျရတ်ပီကေး က ရော်နယ်ဒို ဟာ ရီးရယ်လ် အသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာ ကို ပြောင်းဖို့ နီးစပ်ခဲ့တာလို့ ပြောလိုက်ပါတယ်။ရော်နယ်ဒို ဟာ (၂၀၀၉) က မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရယ်လ် အသင်းကို ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ရီးရယ်လ် အသင်းမှာ သူ့ရဲ့ ကစားသမားဘ၀ အအောင်မြင်ဆုံးအချိန်ဖြစ်ခဲ့တာဖြစ်ပြီး (၄၃၈)ပွဲကစားကာ (၄၅၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီထဲမှာ ဘာစီလိုနာ အသင်းဘက်ကို (၁၈)ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ပီကေးနဲ့ ရော်နယ်ဒို တို့ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ အတူတွဲကစားခဲ့ကြတာဖြစ်ပါတယ်။ပီကေး က “ရော်နယ်ဒို ဟာ ရီးရယ်လ် ကို မပြောင်းခင် ဘာစီလိုနာ ကို လာရောက်ဖို့ နီးစပ်ခဲ့ပါတယ်။ဗီနီစီးယက်စ်နဲ့ အတူတူပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပီကေး က ကလပ်အသင်းရဲ အပြောင်းအရွှေ့ နံပတ်(၁)ပစ်မှတ်ဟာ ဟာလန်း ဖြစ်တယ်လို့လည်း ပြောထားခဲ့ပါတယ်။ဟာလန်း ဟာ ဒေါ့မွန် အသင်းမှာ ပြသနေတဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကြောင့် သူ့ကို ခေါ်ယူဖို့ ဥရောပအသင်းကြီးအများအပြားက ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ပီကေး က “ဟာလန်းက လာလီဂါကို ရောက်လာမယ်လို့ ထင်ပါတယ်။အကောင်းဆုံး ကစားသမားတွေကိုပဲ လိုချင်ပါတယ်။ဒါက ကျွန်တော့်အမြင်ပါ၊အချက်အလက်ပေးတာမဟုတ်ပါဘူး။ဟာလန်းနဲ့ ဘတ်ပီ ရှိတာက ဘောလုံးလောကအတွက် ယေဘုယျအားဖြင့်တော့ ကောင်းပါလိမ့်မယ်”

“ဒါပေမယ့် ကျွန်တော် လောင်းကြေးထပ်ပြီး ပြောရရင်တော့ သူတို့(၂)ဦး တသင်းတည်းမှာ ကစားမှာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။သူတို့ လက်ရှိကလပ်ကနေ ဘယ်လိုပဲ ပြောင်းရွှေ့ဖြစ်ဖြစ်ပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဘတ်ပီ ကတော့ အခုနှစ်ရာသီအကုန်မှာ ပီအက်စ်ဂျီ နဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်ပြီး ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ အလားအလာများနေတာပါ။ဟာလန်းကလည်း လာမယ့်အပြောင်းအရွှေ့မှာ ဒေါ့မွန်ကနေ ထွက်ခွာဖို့ များနေတာဖြစ်ပါတယ်။