အူဘာမီယန်း ကို မထားချင်တော့လို့ အလွတ်နဲ့ ကို ဘာကာထံ လက်လွှတ်ခဲ့တဲ့ အာဆင်နယ်

အူဘာမီယန်း ကတော့ အာဆင်နယ် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စပိန်ထိပ်သီးကလပ် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။အူဘာမီယန်းနဲ့ ဘာစီလိုနာ တို့ဟာ နောက်ကျမှ စာချုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းအတွက် (၉၂)ဂိုးသွင်းယူထားတဲ့ အူဘာမီယန်း ဟာ စည်းကမ်းပိုင်းဆိုင်ရာတွေကြောင့် လန်ဒန်ကလပ်မှာ ဒီဇင်ဘာလထဲက ပွဲကစားခွင့်မရရှိတော့တာဖြစ်ပါတယ်။

အူဘာမီယန်း ဟာ ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ ရောက်ရှိလာခဲ့ရာမှာ အစောပိုင်းက အပြောင်းအရွှေ့ပျက်ပြယ်ဖို့ အထိဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာ အာဆင်နယ် အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းပေးခဲ့ပြီး အပြောင်းအရွှေ့ဖြစ်စေခဲ့တာပါ။

အာဆင်နယ် အသင်းဟာ အူဘာမီယန်းကို အသင်းမှာ ဆက်မထားချင်တော့တဲ့ အတွက် စာချုပ်ဖျက်သိမ်းကြေးပေးခဲ့တာကြောင့် သူ့ကို ပေးချေနေရတဲ့ ကြီးမားတဲ့လစာငွေကို ပေးချေစရာမလိုတော့တာလည်းဖြစ်ပါတယ်။

အူဘာမီယန်း ဟာ ဒီမနက်ပိုင်းမှာပဲ ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့လတ်မှတ်ထိုးခဲ့တာဖြစ်ပြီး စပိန်ကလပ်အနေနဲ့ မကြာခင်မှာ တရားဝင်သတင်းထုတ်ပြန်ဖို့ ရှိနေတာဖြစ်ပါတယ်။

အူဘာမီယန်း ဟာ အဲဗာတန် ကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ အာဆင်နယ် အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း အသင်းလူစာရင်းမှာ ပါဝင်ရခြင်းမရှိတော့တာပါ။နည်းပြ အာတီတာ ကလည်း သူ့ကို အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်မပြုတော့ပဲ တဦးတည်းသာ လေ့ကျင့်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းကတော့ အခုအပြောင်းအရွှေ့မှာ ထရာအိုရေး၊ဖာရန်တောရက်စ်နဲ့ အူဘာမီယန်း တို့ကို ခေါ်ယူထားပြီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။