ဒီနှစ်ဆောင်းရာသီမှာ အာဆင်နယ်ကို ကစားသမား အများအပြား ငြင်းဆန်ခဲ့

အာဆင်နယ်ဟာ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်နဲ့ ကွင်းလယ်နေရာအတွက် ကစားသမား ခေါ်ယူဖို့ စီစဥ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပိတ်ချိန်အထိ ဒီနေရာတွေကို ပြင်ဆင် အားဖြည့်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်၊ လိုင်ယွန် ကွင်းလယ်လူ ဘရူနို ဂွီမာရေးစ်တို့ကို ဦးစားပေး ပစ်မှတ်ထားခဲ့ပေမယ့် ဒီကစားသမားတွေက ဂျူဗင်တပ်စ်နဲ့ နယူးကာဆယ်တို့ကိုသာ အသီးသီး ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒီကြားထဲမှာ ပီအက်စ်ဂျီ ကွင်းလယ်လူ ဝစ်ချ်နယ်လ်ဒမ်းနဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် ကစားသမားက ချက်ချင်းဆိုသလို ငြင်းဆန် ပယ်ချခဲ့ပြီး ပီအက်စ်ဂျီမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အာဆင်နယ်က ဂျူဗင်တပ်စ် ကစားသမားနှစ်ယောက်ဖြစ်တဲ့ မိုရာတာ၊ ကူလူဆက်ဗ်စကီးတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် မိုရာတာကတော့ ဂျူဗင်တပ်စ်မှာပဲ ဆက်နေခဲ့သလို ကူလူဆက်ဗ်စကီးကလည်း စပါးကိုသာ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲ့ဒီနောက်မှာ အာဆင်နယ်က အိုင်ဆက်ခ်ကို ခေါ်ယူဖို့ ဆိုစီဒက်ဆီ ကမ်းလှမ်းခဲ့ပြီး ကစားသမားအနေနဲ့ အင်္ဂလန်မြေအထိ ရောက်ရှိလာခဲ့ပေမယ့် ပြောင်းရွှေ့ကြေး ညှိမရတာကြောင့် စပိန်ကိုသာ ပြန်သွားခဲ့ရပါတယ်။

အာဆင်နယ်ဟာ အက်စ်ပန်ညို တိုက်စစ်မှူး ဒီတောမက်စ်အတွက် ဖုန်းခေါ်ဆိုခဲ့ပေမယ့် တဖက်က အားကစားဒါရိုက်တာ ဂျူရန်ကတော့ ဆွေးနွေးလိုခြင်းမရှိဘူးလို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

အူဘာမီးယန်းကို ဘာစီလိုနာဆီ လက်လွှတ်ခံတဲ့ တစိတ်တပိုင်း အပြောင်းအရွှေ့ အလဲအထပ်အဖြစ် ဒမ်ဘီလီကို ဘာစီလိုနာတို့ ပြန်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကတော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။