စပါးမှာ ကျောနံပါတ် (၄၄) ကို ထူးထူးဆန်းဆန်း ရွေးချယ်ဝတ်ဆင်ရတဲ့အကြောင်း ကူလူဆက်ဗ်စကီး ဖွင့်ဟ

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်ကနေ စပါးကို ရောက်ရှိလာခဲ့တဲ့ ဆွီဒင်တောင်ပံ ကစားသမား ကူလူဆက်ဗ်စကီးက ကျောနံပါတ် (၄၄) ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၂၁) နှစ်အရွယ် ဒီကစားသမားအတွက် စပါးတို့ ကနဦး (၁) နှစ်ခွဲ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်လည်း ပါရှိခဲ့ပါတယ်။

ကူလူဆက်ဗ်စကီးဟာ အရင်အသင်းဟောင်းတွေဖြစ်တဲ့ အတ္တလန်တာ၊ ပါးမား၊ ဂျူဗင်တပ်စ်တို့မှာလည်း ကျောနံပါတ် (၄၄) ကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဒီနောက်ကွယ်မှာ ဘယ်သူမှမထင်မှတ်ထားတဲ့ အကြောင်းအရာတခုရှိနေပါတယ်။

ကူလူဆက်ဗ်စကီးက ဆွီဒင်မှာ ချစ်ကြည်ရေးခြေစမ်းပွဲ လာကစားတဲ့ ယူနိုက်တက်က ဂျာနူဇက်ရဲ့ ကစားပုံကို ဆယ်ကျော်သက် ကစားသမားဘဝမှာ မြင်တွေ့ခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်တည်းက အကြောက်အလန့်မရှိ ကစားတတ်တဲ့ ဂျာနူဇက်ရဲ့ ကစားပုံကို ကူလူဆက်ဗ်စကီးက သဘောကျခဲ့ရတာကြောင့် အခုလိုမျိုး ကျောနံပါတ် (၄၄) ကို အမြဲတမ်း ရွေးချယ်ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

ဂျာနူဇက်ဟာ အသက် (၁၈) နှစ်သားအရွယ် နည်းပြကြီး ဖာဂူဆန်ရဲ့ နည်းပြဘဝ နောက်ဆုံးနှစ်မှာ ယူနိုက်တက် အရံခုံကို စတင်ရောက်ရှိလာခဲ့ပြီး ပီအက်စ်ဂျီရဲ့ စိတ်ဝင်စားမှုကြောင့် ယူနိုက်တက်က စာချုပ်သစ် အလျင်အမြန် ချုပ်ဆိုခဲ့ရသေးတာပါ။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဂျာနူဇက် ယူနိုက်တက်မှာ နေရာမရတော့ဘဲ ဒေါ့မွန်၊ ဆန်းဒါးလန်းတို့မှာ အငှားနဲ့ သွားရောက်ကစားရင်း (၂၀၁၇) မှာတော့ လာလီဂါကလပ် ဆိုစီဒက်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပါတယ်။