Nike ကုမ္ပဏီကလည်း ဂရင်းဝုဒ်ကို ပစ်ပယ်ပြီ

ကမ္ဘာကျော်အားကစား အမှတ်တံဆိပ်တခုဖြစ်တဲ့ Nike ဟာ ယူနိုက်တက် လူငယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်နဲ့ ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကို ဆိုင်းငံ့လိုက်တယ်လို့ သိရှိရပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက အတူနေချစ်သူ ဟာရစ်ရော့ဘ်ဆင်ကို အိမ်တွင်း အကြမ်းဖက်မှု၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရပါတယ်။

ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို နောက်ထပ်ကြေညာချက် တစုံတရာ မထုတ်ပြန်ခင် အချိန်ထိ အသင်းမှာ လေ့ကျင့်ခန်းဆင်းခွင့်၊ ပွဲကစားခွင့် ပြုသွားမှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ဒါ့အပြင် ယူနိုက်တက် အသင်းဖော်တွေဖြစ်တဲ့ ရော်နယ်ဒို၊ ကာဗာနီ၊ ပေါ့ဘာ၊ ဒီဂီယာတို့ကလည်း ဂရင်းဝုဒ်ရဲ့ လုပ်ရပ်ကို စိတ်ပျက်နေပြီး အင်စတာဂရမ်နဲ့ တွစ်တာတို့မှာ ဂရင်းဝုဒ်ရဲ့အကောင့်တွေကို Unfollow လုပ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း Nike က “ဂရင်းဝုဒ်နဲ့ ကျနော်တို့အကြား ဆက်ဆံမှုကို ဆိုင်းငံ့ထားပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ လေးလေးနက်နက် စိုးရိမ်နေပြီး အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာအခြေစိုက် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့ကလည်း အသက် (၂၀) အရွယ် တိုက်စစ်မှူးကို အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိမ်းမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဂရင်းဝုဒ်ရဲ့ နာမည်ကို မဖော်ပြဘဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ယူနိုက်တက်ကလည်း အသင်းရဲ့ တရားဝင်စတိုးဆိုင်တွေမှာရှိတဲ့ ဂရင်းဝုဒ်ရဲ့ အမှတ်တရပစ္စည်းတွေကို မနေ့က လိုက်လံသိမ်းဆည်းခဲ့တယ်လို့ သိရှိရပါတယ်။