ကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၀)ကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိသွားပြီဖြစ်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယား အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်) ပွဲစဉ်အဖြစ် ဆီးရီးယား အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ တောင်ကိုရီးယား အသင်းဟာ ဆွန်ဟောင်မင် မပါဝင်ခဲ့ပေမယ့် ဆီးရီးယား အသင်းကို အသာစီးကစားပြီး အနိုင်ရရှိခဲ့တာပါ။တောင်ကိုရီးယား အတွက် ဂိုးတွေကို ကင်ဂျင်မ်‌‌ဆုနဲ့ ဂျောင်ဟွန်း တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

တောင်ကိုရီးယား အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ အာရှဇုန်က ဒုတိယမြောက် အသင်းဖြစ်လာခဲ့တာပါ။တောင်ကိုရီးယား အသင်းမတိုင်ခင် တအုပ်စုတည်းက အီရန် အသင်းက ခြေစစ်ပွဲအောင်မြင်ထားတာဖြစ်ပါတယ်။

တောင်ကိုရီးယား အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်တဲ့ (၁၅)သင်းမြောက် အသင်းလည်းဖြစ်လာခဲ့ပါတယ်။တောင်ကိုရီးယား အသင်းမတိုင်ခင် အိမ်ရှင် ကာတာ အပါအဝင် ဥရောပဇုန်က (၁၀)သင်း၊တောင်အမေရိကဇုန်က(၂)သင်းနဲ့ အာရှဇုန်က (၁)သင်း အောင်မြင်ထားတာပါ။

တောင်ကိုရီးယား အသင်းဟာ (၁၉၈၆)က မက္ကဆီကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စပြီး လာမယ့် ကာတာ ကမ္ဘာ့ဖလားအထိ (၁၀)ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်းဖြစ်ပါတယ်။

တောင်ကိုရီးယား အသင်းဟာ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ (၂၀၀၂) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္တရခဲ့တာဟာ အမြင့်ဆုံးအောင်မြင်မှုဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ (၁၆)သင်းအဆင့်သာ အမြင့်ဆုံးအဖြစ် ရောက်ရှိခဲ့တာပါ။

အာရှဇုန်ရဲ့ တဖက်အုပ်စုမှာတော့ ဆော်ဒီ၊ဂျပန်နဲ့ ဩစတြေးလျ တို့ (၃)သင်းဟာ အုပ်စုတက်ဖို့ အပြိုင်အဆိုင်ရှိနေကြတာဖြစ်ပါတယ်။ဒီထဲက (၂)သင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပြီး တတိယရတဲ့ အသင်းကတော့ တဖက်အုပ်စုက တတိယရတဲ့ အသင်းနဲ့ ပလေးအောဖ့် ကစားရမှာဖြစ်ပါတယ်။