ဘလွန်းဒီအော်လိုချင်ရင် အမ်ဘာပေနဲ့ တသင်းတည်းမကစားဖို့ ဟာလန်းကို ပီကေးတိုက်တွန်း

ဘာစီလိုနာနောက်ခံလူ ပီကေးက ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းအနေနဲ့ အမ်ဘာပေနဲ့ တသင်းတည်းကို မသွားသင့်ကြောင်း၊ ဘလွန်းဒီအော်လိုချင်ရင်၊ သူသာ ဟာလန်းနေရာမှာဆိုရင် ဒီလိုသွားမှာ မဟုတ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ လာမယ့်နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ ပြင်ဆင်နေပြီး ရီးရဲယ်မက်ဒရစ်ကလည်း ဟာလန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရီးရဲယ်မက်ဒရစ်တို့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေကို တနှစ်လုပ်ခ ယူရိုသန်း (၅၀) နဲ့ ခေါ်ယူဖို့ အကြိုသဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ရီးရဲယ်မက်ဒရစ်တို့ ဟာလန်းကို ဆက်လက်ခေါ်ယူသွားမှာဖြစ်ပြီး ဒီအချိန်မှာပဲ ပီကေးက မဟာပြိုင်ဘက်ဆီ ဟာလန်း မရောက်ရှိသွားအောင် အခုလိုပဲ ပြောကြားလာခဲ့တာပါ။

ပီကေးက “ကျနော်သာ ဟာလန်း ဖြစ်မယ်၊ ဘလွန်းဒီအော်ဆု လိုချင်တယ်ဆိုရင် အမ်ဘာပေနဲ့ တသင်းတည်းကို သွားမှာမဟုတ်ပါဘူး” လို့ ပြောကြားလိုက်ပါတယ်။

ပီကေးအနေနဲ့ မဟာပြိုင်ဘက် ရီးရဲယ်မက်ဒရစ်ကို အခုလိုမျိုး နာမည်ကျော် ကစားသမားတွေ မရောက်ရှိသွားအောင် အဓိက အသည်းအသန် တားဆီးနေရတာဖြစ်ပါတယ်။

ဘာစီလိုနာအနေနဲ့ ဟာလန်းကို ခေါ်ယူဖို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် တကယ်တမ်းမှာတော့ ရီးရဲယ်မက်ဒရစ်နဲ့ ဘဏ္ဍာရေး အနေအထားအရ ယှဥ်ပြိုင်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။