အူဘာလို ကစားသမားမျိုးကို မလိုဘူးလို့ ဇာဗီပြောပြီး အသည်းအသန်ခေါ်ယူသွားခဲ့ခြင်းဖြစ်

ဘာစီလိုနာနည်းပြ ဇာဗီဟာ သူ့အနေနဲ့ ဘာစီလိုနာအသင်းမှာ အူဘာမီးယန်းလို ကစားသမားမျိုးကို မလိုအပ်ဘူးလို့ အင်တာဗျူးတခုမှာ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာကတော့ ပြီးခဲ့တဲ့တနင်္လာညက ပိတ်သိမ်းသွားတဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးအချိန်မှာ အူဘာမီးယန်းကို မရမက ခေါ်ယူခဲ့ပါတယ်။

အူဘာမီးယန်းဟာ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

အူဘာမီးယန်းအနေနဲ့ မနေ့က ဘာစီလိုနာနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်းဆင်းခဲ့ပြီး မီဒီယာတွေကတော့ အူဘာမီးယန်းနဲ့ပတ်သက်လို့ ဇာဗီရဲ့ တချိန်က မှတ်ချက်တွေကို ပြန်လည် တူးဆွခဲ့ပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဇာဗီက “မာနေးနဲ့ အူဘာမီးယန်းတို့က နေရာလွတ်တွေမှာ ပြိုင်ဘက်ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ ကစားသမားတွေပါ”

“ဒါပေမယ့် ဘာစီလိုနာအတွက် လိုအပ်နေတာက နေရာကျဥ်းကျဥ်းလေးမှာ ဘယ်လိုမျိုး လှုပ်ရှားရမလဲဆိုတာကို သိတဲ့ ကစားသမားမျိုးပါပဲ။ ဘာစီလိုနာမှာ အံဝင်နိုင်တဲ့၊ အသားကျနိုင်တဲ့ ကစားသမားမျိုးကို ကျနော်စဥ်းစားကြည့်တော့ ဒီအတွက် ရှာရဖွေရ မလွယ်ပါဘူး”

“အခု လူးဝစ်ဆွာရက်ဇ် (အဲ့ဒီအချိန်က ဆွာရက်ဇ် ဘာစီလိုနာမှာ ကစားနေဆဲဖြစ်) ကလည်း အီတူးလောက် ပြီးပြည့်စုံတဲ့ ကစားသမားပါ” လို့ ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။

အခုချိန်မှာ ဘာစီလိုနာနည်းပြအဖြစ် ဇာဗီက ကိုင်တွယ်လျက်ရှိပြီး အူဘာမီးယန်းတယောက် ဘာစီလိုနာမှာ အံဝင်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။