ဗန်ဒီဘိခ်ကိစ္စ မန်ယူကို မသိမသာလေး နောက်ပြောင်သွားတဲ့ ဗန်ဒါးဆား

လက်ရှိ အချိန်မှာ အေဂျက်စ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ယူနိုက်တက်ဂိုးသမားဟောင်းကြီး ဗန်ဒါးဆားက ဗန်ဒီဘိခ်ကို အဲဗာတန်ကို ပြောင်းရွှေ့သွားတဲ့အပေါ် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ဗန်ဒါးဆားရဲ့ အေဂျက်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာတော့ ဆိုးလ်ရှားလက်ထက်ရော၊ ရန်းနစ်ဂ်လက်ထက်မှာပါ ပုံမှန်ပွဲထွက်ခွင့်မရရှိခဲ့ပါဘူး။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတော့ ဗန်ဒီဘိခ်ကို အဲဗာတန်ကို ခြောက်လအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို အငှားချတဲ့နေရာမှာ အပြီးသတ်ခေါ်ယူခွင့်ပြုမှာမဟုတ်ဘဲ လာမယ့် ဘောလုံးရာသီ အသင်းရဲ့လူစာရင်းမှာ ဗန်ဒီဘိခ်ကို ထည့်သွင်းထားဖို့ ဆန္ဒရှိနေပါတယ်။

ဗန်ဒါးဆားက “ဒွန်နီ (ဗန်ဒီဘိခ်) ရေ… အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းက ဒီအသင်းနဲ့ ကံကောင်းပါစေ” လို့ သူ့ရဲ့ တွစ်တာကတဆင့် ဆုတောင်းပေးခဲ့ပါတယ်။

ဗန်ဒါးဆားရဲ့ တွစ်အပေါ် ပရိသတ်တွေက ယူနိုက်တက်ကို မသိမသာ ပါးပါးလေးပုတ်လိုက်တယ်လို့ ပရိသတ်တွေက ယူဆနေပြီး ပရိသတ်တယောက်က “ဒီလူကတော့ ပစ်လိုက်ပြန်ပြီ” လို့ ရေးသားနောက်ပြောင်ခဲ့ပါတယ်။

ဗန်ဒါးဆားဟာလည်း ယူနိုက်တက်ရဲ့ အားကစားဒါရိုက်တာရာထူးအတွက် သတင်းထွက်ခဲ့ပေမယ့် အေဂျက်စ်မှာပဲ ဆက်ရှိနေခဲ့ပြီး ဗန်ဒီဘိခ်နဲ့ပတ်သက်လို့လည်း အမြဲတမ်း စောင့်ကြည့်လျက်ရှိပါတယ်။