ဆီနီဂေါ အသင်း ဗိုလ်လုပွဲတက်နိုင်အောင် အကောင်းဆုံးစွမ်းဆောင်ထားတဲ့ မာနေး

ဆီနီဂေါ အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ အာဖရိကဖလား အကြိုဗိုလ်လုပွဲမှာ ဘာကီနာဖာဆို အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆီနီဂေါ အတွက် ဂိုးတွေကို ဒီယာလို၊ဂွီယီနဲ့ မာနေး တို့က သွင်းယူခဲ့တာဖြစ်ပြီး ဘာကီနာဖာဆို အတွက် ချေပဂိုးကိုတော့ တိုရေးက သွင်းယူခဲ့တာပါ။ဆီနီဂေါ အသင်းဟာ ဒီပြိုင်ပွဲမှာ ‌ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အတိုင်းပဲ အုပ်စုအဆင့်ကနေ အခုအဆင့်ထိ အကောင်းဆုံးပုံစံတွေပြသခဲ့တာဖြစ်ပါတယ်။

မာနေး ကတော့ ဒီပွဲမှာ အသင်းအတွက် (၁)ဂိုးသွင်းယူခဲ့သလို ဂွီယီ သွင်းတဲ့ ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ကိတ်ဗာဒီ နဲ့ ပွဲမှာ ဦးခေါင်းထိခိုက်ခဲ့လို့ စိုးရိမ်ခဲ့ရပေမယ့် မာနေးက အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းကို ဦးဆောင်ကာ ဗိုလ်လုပွဲအထိ ပို့ဆောင်နိုင်ခဲ့တာပါ။

လီဗာပူးလ် တိုက်စစ်မှူး ဟာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ဆီနီဂေါ အသင်းအတွက် (၆)ပွဲလုံး ဝင်ရောက်ကစားထားပြီး (၃)ဂိုးသွင်းယူကာ (၂)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ဆီနီဂေါ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ ကာမာရာနဲ့ (၂၉)ဂိုးချင်းတူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဆီနီဂေါ အသင်းကတော့ ဗိုလ်လုပွဲမှာ အီဂျစ်နဲ့ ကင်မရွန်းတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဆီနီဂေါ အသင်းဟာ နောက်ဆုံးအကြိမ်က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပေမယ့် အယ်လ်ဂျီးရီးယားကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါ အသင်းဟာ ဒီပြိုင်ပွဲမှာ အမြင့်ဆုံး ဒုတိယသာ ရခဲ့ဖူးတာကြောင့် ဒီတကြိမ်မှာတော့ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဘာကီနာဖာဆို အသင်းကတော့ တတိယနေရာလုပွဲအဖြစ် အီဂျစ်နဲ့ ကင်မရွန်းတို့ ပွဲစဉ်က အရေးနိမ့်တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။