အသက်ငယ်ပေမယ့် တသင်းလုံးကို တုန်လှုပ်ချောက်ချားအောင် လုပ်နိုင်ခဲ့တဲ့ ကစားသမား

ယူနိုက်တက် လူငယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ရဲ့ ဖြစ်ရပ်အပေါ် အသင်းဖော် ကစားသမားတွေ အကြီးအကျယ် တုန်လှုပ်ချောက်ချားခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာ ချစ်သူ ဟာရစ်ရော့ဘ်ဆင်ကို ဆိုးဆိုးရွားရွား ညှင်းပန်းနှိပ်စက်ထားတဲ့ အကျိုးဆက်အဖြစ် ဓာတ်ပုံ၊ ဗီဒီယိုပုံရိပ်တွေက တနင်္ဂနွေမှာ ပျံ့နှံ့လာပြီး အဲ့ဒီနေ့မှာပဲ ဂရင်းဝုဒ် အဖမ်းခံခဲ့ရတာပါ။

ဂရင်းဝုဒ်ကို ချက်ချင်းဆိုသလိုပဲ ရော်နယ်ဒို၊ ပေါ့ဘာ၊ ဒီဂီယာတို့က ဆိုရှယ်မီဒီယာမှာ Unfollow လုပ်ခဲ့ပြီး ဂရင်းဝုဒ်ရဲ့ အပြုအမူကို လက်မခံဘူးဆိုတာ ချက်ချင်းပြသခဲ့ပါတယ်။

ဒါ့အပြင် သတင်းရင်းမြစ်တယောက်က “ယူနိုက်တက်အသင်းမှာရှိတဲ့လူတိုင်းက တော်တော်လေးကို တုန်လှုပ်ချောက်ချားသွားခဲ့ပါတယ်။ ဒီအရာက သူတို့ ကြုံတွေ့နေကျ အရာတွေထက် အများကြီး ကွဲပြားခြားနားတဲ့ အရာပါ” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာ ဂရင်းဝုဒ်ကို ကာဗာနီ၊ တဲလက်စ်၊ တွမ်မီနေး၊ လင်ဂတ်တို့ကလည်း ပစ်ပယ်ခဲ့ကြပြီး ကစားသမားအနေနဲ့ နာမည်ကျော် ဖီဖာဂိမ်းကလည်း ဖယ်ရှားခံခဲ့ရပါတယ်။

ကမ္ဘာကျော် အားကစား အမှတ်တံဆိပ် Nike ကလည်း ဂရင်းဝုဒ်နဲ့ စပွန်ဆာ စာချုပ်ကို ဆိုင်းငံ့ခဲ့သလို ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ရဲ့ ကျောနံပါတ်နဲ့ နာမည်ပါ ဂျာစီတွေကို အခြားဂျာစီနဲ့ အခမဲ့ ပြန်လည် လဲလှယ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။