ရွန်းနီကို ဝိုင်းပြီးအနိုင်ကျင့်နေကြတဲ့ ဂျရတ်နဲ့ ပရီးမီးယားလိဂ်အသင်းများ

ရွန်းနီကိုင်တွယ်နေတဲ့ ဒါဘီက လူငယ်တိုက်စစ်မှူးလေး အိုမာရီကယ်လီမန်းကို ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာက ပေါင် (၆) သိန်းနဲ့ ခေါ်ယူသွားခဲ့တယ်လို့ သိရှိရပါတယ်။

အသက် (၁၆) နှစ်အရွယ် ဒီကစားသမားလေးဟာ ထိပ်တန်းအဆင့် အရည်အချင်းကို ပိုင်ဆိုင်ထားတယ်လို့ သတ်မှတ်ထားကြပေမယ့် ဒါဘီကတော့ လွယ်လွယ်ကူကူနဲ့ပဲ လက်လွှတ်ခံလိုက်ရတာဖြစ်ပါတယ်။

ဒါဘီဟာ ပိုင်ရှင်သစ် ရှာဖွေနေရတဲ့ အနေအထားမှာ ဒီအပြောင်းအရွှေ့ကိုလည်း လက်မခံလို့မရတဲ့ အနေအထားဖြစ်တာကြောင့် အခုလိုပဲ တက်သစ်လူငယ်ကစားသမားလေးကို လက်လွှတ်လိုက်ရတာပါ။

ဒါ့အပြင် ဒါဘီဟာ လုခ်ပလန့်ဂ်ကိုလည်း ဆောင်းရာသီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ခရစ္စတယ်ပဲလေ့စ်ဆီ လက်လွှတ်ခံလိုက်ရပြီး အသက် (၂၀) အရွယ် ဒီကစားသမားကတော့ ရာသီကုန်အထိ ဒါဘီမှာ အငှားနဲ့ ဆက်ရှိနေမှာလည်းဖြစ်ပါတယ်။

ဘယ်နောက်ခံလူတယောက်လည်းဖြစ်တဲ့ ဒိုင်လန်ဝီလီယံစ်ကလည်း ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာပဲ ချဲလ်ဆီးထံ ပြောင်းရွှေ့သွားခဲ့ပါသေးတယ်။ ဒါဘီဟာ ဒီလူငယ် ကစားသမားလေးတွေအတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် (၂) သန်းသာရရှိခဲ့ပါတယ်။

ရွန်းနီကတော့ အရင်တည်းက အသင်းရဲ့ အခြေအနေကြောင့် သူ့အသင်းက ကစားသမားတွေကို အချိုအချောင် ပြောင်းရွှေ့ကြေးတွေနဲ့ လာရောက်ကြိုးပမ်းနေကြတယ်လို့ လူသိရှင်ကြား ပြောကြားခဲ့ဖူးတာလည်းဖြစ်ပါတယ်။

အခုချိန်မှာ ဒါဘီရဲ့ အနေအထားက တလအတွင်း ပိုင်ရှင်သစ် မရှာနိုင်ရင် အသင်းဖျက်သိမ်းခံရနိုင်ခြေရှိနေပြီး အသင်းက ကစားသမားတွေကို ထိန်းချုပ်ဖို့ အခုလိုပဲ လက်လျှော့ထားရတာဖြစ်ပါတယ်။