မန်ယူကစားသမားတွေနဲ့ဂျာစီလဲမှာ မဟုတ်ဘူး၊ ဘောလုံးကန်မှာလို့ ဘိုရိုနည်းပြ အပြတ်သတိပေး

မစ်ဒယ်ဘရော့နည်းပြ ခရစ္စဝိုင်လ်ဒါက ဒီညမှာ ကစားမယ့် ယူနိုက်တက်နဲ့ အက်ဖ်အေ ဖလား စတုတ္ထအဆင့်ပွဲစဥ်မှာ ရော်နယ်ဒိုနဲ့ဂျာစီချင်းလဲဖို့အတွက်ပဲ စဥ်းစားမနေနဲ့လို့ သူ့ကစားသမားတွေကို သတိပေးပြောကြားလိုက်ပါတယ်။

ခရစ္စဝိုင်လ်ဒါဟာ လွန်ခဲ့တဲ့ တနှစ်ကျော်က ရှက်ဖီးယူနိုက်တက်နဲ့အတူ ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ဖူးတဲ့ နည်းပြတယောက်လည်း ဖြစ်ပါတယ်။

မစ်ဒယ်ဘရော့ဟာ လိဂ်တူးအသင်းတသင်းဖြစ်ပြီး သူတို့အတွက်တော့ ရော်နယ်ဒို၊ ကာဗာနီ၊ ဘရူနိုဖာနန်ဒက်စ်တို့ ပါဝင်တဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာက စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်မှာ ခရစ္စဝိုင်လ်ဒါက “ဒီ ယူနိုက်တက်အသင်းက ဒီဂီယာ၊ ဗာရန်း၊ မက်ဂွိုင်းရားတို့လို ကစားသမားတွေနဲ့ ပွဲထွက်လာနိုင်တဲ့ အသင်းတသင်းပါ။ တယောက်ချင်းအရလည်း အရမ်းကောင်းတဲ့ ကစားသမားတွေရှိပါတယ်”

“ဒီကစားသမားတွေကို ကျနော်တို့ကို ကောင်းကောင်း ဒုက္ခပေးမှာပါ။ ဥရောပမှာရော၊ ပရီးမီးယားလိဂ်မှာရော ယူနိုက်တက်က ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်တဲ့ အသင်းတသင်းဖြစ်ပါတယ်။ သူတို့အတွက် ရွေးချယ်စရာ အရည်အချင်းမြင့် ကစားသမားကောင်းတွေ အများကြီးရှိပါတယ်”

“ဒါပေမယ့် ကျနော့်ကစားသမားတွေအတွက် မျက်စိပဒေသာဖြစ်စရာ ပွဲတပွဲ မဟုတ်သလို ဂျာစီလိုက်လဲရမယ့် အနေအထားလည်း မဟုတ်ပါဘူး။ ကျနော့် ကစားသမားတွေကို အိုးထရက်ဖို့ဒ်မှာ အလည်အပတ်သွားရုံလောက်နဲ့ မကျေနပ်စေချင်ပါဘူး”

“ကစားသမားတွေအနေနဲ့ ဂျာစီလိုချင်ရင် ပွဲပြီးမှ အဝတ်လဲခန်းထဲမှာ လဲပါ။ ထူးဆန်းတဲ့မျက်လုံး၊ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်တာမျိုး ကျနော် မလိုချင်ပါဘူး။ သူတို့က ကျနော်တို့ရဲ့ ပြိုင်ဘက်ပါ”

“ကျနော့်ကစားသမားတွေကို ကောင်းကောင်း ကစားစေချင်ပြီး ယူနိုက်တက်အတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့၊ အန္တရာယ်ရှိတဲ့ ညတညပဲဖြစ်စေချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။