ဘာကာနဲ့ ချန်ပီယံလိဂ်ယူဖို့ လာခဲ့တာလို့ အူဘာမီးယန်း အံ့အားသင့်ဖွယ်ထပြော

ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ အူဘာမီးယန်းက သူ့အနေနဲ့ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူဖို့ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

အူဘာမီးယန်းဟာ အာဆင်နယ်မှာ နည်းပြ အာတီတာနဲ့ ဆက်ဆံရေးပြိုကွဲခဲ့ပြီးနောက် အခုလိုပဲ စာချုပ်ဖျက်သိမ်းကာ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာတော့ အူဘာမီးယန်းက “လူတွေက ကျနော့်ကို နှစ်ပေါင်းများစွာကြာအောင် သိခဲ့ပြီးပါပြီ။ ဘာစီလိုနာကို သွင်းဂိုးတွေနဲ့ ကူညီဖို့၊ ဂိုးတွေအများကြီး သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်”

“ဘာစီလိုနာက ချန်ပီယံလိဂ်ဖလားရယူနိုင်တဲ့ ထိပ်တန်းအသင်းတသင်းပါ။ အဲ့ဒါကြောင့် ကျနော် ဒီအခွင့်အရေးအတွက် ဘာစီလိုနာကို ရောက်လာတာပါ။ ကျနော်တို့ ပြန်လာနိုင်ဖို့၊ ချန်ပီယံလိဂ်ရဖို့ အရာအားလုံး လုပ်ဆောင်သွားမှာပါ”

“အသင်းအတွက် ခြေစွမ်းပြဖို့ ကျနော် အဆင်သင့်ဖြစ်နေပါပြီ။ ကျနော် ပွဲမကစားရတာ ကြာပြီဆိုပေမယ့် ကျနော့်ခေါင်းထဲမှာ အားလုံးရှင်းလင်းနေပြီး ပွဲကစားဖို့၊ အသင်းကို ကူညီဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျနော်တို့ ထိပ်ပိုင်းကို ဖြည်းဖြည်းချင်း ပြန်သွားနိုင်မယ်ဆိုတာကို သိပါတယ်” လို့ ပြောကြားထားပါတယ်။

ဘာစီလိုနာဟာ လက်ရှိ ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ခဲ့ရပြီး ယူရိုပါလိဂ်မှာ ဆက်လက်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ အူဘာမီးယန်းအနေနဲ့ လာမယ့်တနင်္ဂနွေမှာ ကစားမယ့် အက်သလက်တီကိုနဲ့ပွဲမှာ အသင်းနဲ့ ပထမဆုံး ပွဲထွက်ပါဝင်လာနိုင်ပါတယ်။