“ဒီကောင့်နာမည်က မက်ဆီဆိုရင်တောင် လက်ရွေးစင်မှာ ပြန်ပါဖို့ စိတ်မကူးနဲ့”

မော်ရိုကိုလက်ရွေးစင်နည်းပြ ဟာလီဟိုဇစ်က ချဲလ်ဆီး တောင်ပံကစားသမား ဇီယက်ချ်က မက်ဆီဖြစ်နေမယ်ဆိုရင်တောင် သူ့ကို လက်ရွေးစင်မှာ လုံးဝပြန်မရွေးဘူးလို့ ယတိပြတ်ပြောကြားလိုက်ပါတယ်။

ဇီယက်ချ်ဟာ လက်ရွေးစင်ကို အလေးမထားဘူးဆိုတဲ့ စွဲချက်နဲ့အတူ ဟာလီဟိုဇစ်ရဲ့ အသင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး အာဖရိကဖလားပြိုင်ပွဲဝင် မော်ရိုကိုအသင်းမှာလည်း ဇီယက်ချ်ကို မရွေးချယ်ခဲ့ပါဘူး။

မော်ရိုကိုဟာ အာဖရိကဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ အီဂျစ်ကို ရှုံးနိမ့်ခဲ့တဲ့နောက် ဇီယက်ချ်ကို မရွေးချယ်ခဲ့တဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ဟာလီဟိုဇစ်ကတော့ “ကျနော်ရွေးခဲ့တဲ့ ကစားသမားတွေက မော်ရိုကိုမှာ အကောင်းဆုံး ကစားသမားတွေပါ။ အသင်းကို ဟန်ချက်မညီမမျှဖြစ်စေတဲ့ ကစားသမားကို ကျနော် မရွေးချယ်ပါဘူး။ အဲ့ဒီလူရဲ့ နာမည်က မက်ဆီဖြစ်ရင်တောင်မှပေါ့”

“ဇီယက်ချ်ရဲ့ အပြုအမူတွေက လက်ရွေးစင်အတွက် ဘယ်လိုမှမသင့်တော်ပါဘူး။ သူက လေ့ကျင့်ခန်းလည်း မဆင်းချင်ဘူး၊ ပွဲလည်း မကန်ချင်ဘူး၊ ဘယ်အရာကိုမှလည်း လေးလေးနက်နက် မလုပ်ချင်ပါဘူး။ လွန်ခဲ့တဲ့သုံးနှစ်က အာဖရိကဖလားပြီးချိန်မှာ ဇီယက်ချ်က ဝေဖန်အခံရဆုံးပါပဲ”

“သူ အကြီးအကျယ်လှောင်ပြောင်ခံခဲ့ရတာပါ။ ခင်ဗျားတို့ ဒါကို မမေ့ပါနဲ့” လို့ ပြောကြားသွားခဲ့ပါတယ်။ ဇီယက်ချ်ဟာ အေဂျက်စ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ချဲလ်ဆီးကို ရောက်လာချိန်မှာတော့ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် တခါတရံမှာ ချဲလ်ဆီးပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ပါ ပြန်လည် ရင်ဆိုင်ရလေ့ရှိပါတယ်။