ဘိုရို ကို ပင်နယ်တီနဲ့ အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် မယ်ဒယ်ဘရော့ အသင်းနဲ့ ကစားခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပွဲချိန်အတွင်းမှာ တဖက်တဂိုးစီ သရေကျခဲ့လို့ အချိန်ပိုကစားခဲ့ရပြီး ဂိုးထပ်မသွင်းနိုင်တာကြောင့် ပင်နယ်တီကစားခဲ့ရာမှာ မယ်ဒယ်ဘရော့ အသင်းက ပင်နယ်တီ (၈)ဂိုး-(၇)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

ပွဲချိန်အတွင်းမှာ မန်ချက်စတာယူနိုက်တက် အသင်း ပင်နယ်တီရခဲ့ပေမယ့် ရော်နယ်ဒို ဝင်အောင် မကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ဆန်ချို က သွင်းယူခဲ့ပြီး မယ်ဒယ်ဘရော့ အတွက် ချေပဂိုးကို ကရွတ်ခ်စ် က သွင်းယူခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ တပွဲလုံး အသာစီးကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု(၇၁)ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှုအကြိမ်(၃၀)၊ဂိုးပေါက်တည့်မှု(၉)ကြိမ်အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒို၊ဘရူနို တို့အပါအဝင် ကစားသမားအချို့ဟာ အပိုင်ဂိုးသွင်းခွင့်တွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် အက်ဖ်အေဖလား ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက် အတွက်တော့ ဒီရာသီမှာ မျှော်လင့်စရာဆုဖလားအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာပါ။ပရီးမီးယားလိဂ် ကလည်း အဆင့်(၄)အတွင်း ဝင်ရဖို့သာ ရုန်းကန်ရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုလာမယ့် ကြားရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။