မန်ယူပေးရတဲ့ချေပဂိုးက ပေးသင့်တယ်လို့ စည်းမျဥ်းသစ်တွေက ဖော်ပြထား

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ မစ်ဒယ်ဘရော့တို့ ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်မှာ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့ပြီး မစ်ဒယ်ဘရော့က နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပထမပိုင်းမှာ ဆန်ချိုက ယူနိုက်တက်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ရော်နယ်ဒို ပင်နယ်တီ လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း အငြင်းပွားဖွယ် အနေအထားကတဆင့် ယူနိုက်တက်တို့ ချေပဂိုးပေးလိုက်ရပါတယ်။

ဝက်ဒ်မိုးက သူ့ဆီရောက်လာတဲ့ ဘောလုံးကို ညာခြေနဲ့တချက်ထိန်းရာမှာ သူ့ရဲ့ ဘယ်ဘက်လက်နဲ့ သွားထိမိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲကို ဆက်လက်ကစားစေခဲ့ပြီး ဝက်ဒ်မိုး ‘မ’ တင်ပေးလိုက်တဲ့ ဘောလုံးကို မတ်ခရော့ခ်က ပိတ်သွင်းယူသွားခဲ့ပါတယ်။

ဒီဂိုးနဲ့ ပတ်သက်လို့ ယူနိုက်တက် ကစားသမားတွေ စောဒကတက်ခဲ့ပေမယ့် စည်းမျဥ်းတွေအရတော့ ဒါကို မတော်တဆ ဖြစ်ရပ်လို့သာ သဘောထားပြီး ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တာလို့ သိရပါတယ်။ ဒီစည်းမျဥ်းကိုတော့ ဒီရာသီမှ စတင်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကတော့ ကစားသမားတယောက်အနေနဲ့ မတော်တဆ လက်ထိဘောဖြစ်ခဲ့တယ်၊ ဒါပေမယ့် သူက ဂိုးသွင်းတာ မဟုတ်ဘဲ အခြားကစားသမားက သွင်းတာဆိုရင်တော့ ဒီဂိုးကို ခွင့်ပြုနိုင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ဒီလိုမျိုးကိုလည်း ခွင့်မပြုခဲ့ပါဘူး။

ယူနိုက်တက်ပရိသတ်တွေကတော့ ဒီဂိုးနဲ့ပတ်သက်လို့ စိတ်ပျက်လက်ပျက် ဝေဖန်နေကြပြီး ပရိသတ်တွေအတွက်လည်း တော်တော်လေးကို ပြောစရာဖြစ်ခဲ့တဲ့ လက်ထိဘောနဲ့ သွင်းဂိုးတဂိုးဖြစ်ခဲ့ရပါတယ်။