၃ဂိုးပြတ်အရှုံးကနေ ၃ဂိုးလိုက်သွင်းပြီး ပင်နယ်တီမှာ ဘာကီနာဖာဆို ကို အနိုင်ရခဲ့တဲ့ ကင်မရွန်း

အိမ်ရှင် ကင်မရွန်း အသင်းကတော့ အာဖရိကဖလား တတိယနေရာလုပွဲအဖြစ် ဘာကီနာဖာဆို အသင်းနဲ့ ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရပြီး တတိယနေရာရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘာကီနာဖာဆို အသင်းက (၃)ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာပါ။ဒါကို ကင်မရွန်း အသင်းက အနောက်ကနေလိုက်တာ (၃)ဂိုးလုံးပြန်သွင်းခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်သွားခဲ့တာဖြစ်ပါတယ်။

အီဂျစ် ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့တဲ့ ကင်မရွန်း ကတော့ ဒီပွဲမှာ ဘာကီနာဖာဆို အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ (၅)ဂိုး-(၃)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ပွဲချိန်(၇၁)မိနစ်အထိ (၃)ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဘာကီနာဖာဆို အတွက်တော့ စိတ်ပျက်စရာ ရလဒ်ဖြစ်ခဲ့တာပါ။

ဒီပွဲမှာ ကင်မရွန်း အတွက် ချေပဂိုး(၂)ဂိုးသွင်းယူပေးခဲ့တဲ့ အဘူဘာကာ ကတော့ ဒီပြိုင်ပွဲမှာ သွင်းဂိုး(၈)ဂိုးရှိသွားခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ကင်မရွန်း အသင်းကတော့ ဒီပြိုင်ပွဲမှာ အိမ်ရှင် အသင်းဖြစ်တာကြောင့် ချန်ပီယံဖြစ်နိုင်ဖို့ ပစ်မှတ်ထားလာခဲ့ပေမယ့် တတိယနေရာနဲ့သာ ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မနက်ဖြန်မနက်ပိုင်းမှာတော့ အာဖရိကဖလား ဗိုလ်လုပွဲအဖြစ် အီဂျစ်နဲ့ ဆီနီဂေါ တို့ ယှဉ်ပြိုင်ကြမှာပါ။အီဂျစ် အသင်းဟာ ဒီပြိုင်ပွဲမှာ (၇)ကြိမ် ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆီနီဂေါ အသင်းကတော့ အမြင့်ဆုံး ‌ဗိုလ်လုပွဲအဆင့်သာ တက်ရောက်နိုင်ခဲ့တာကြောင့် ဒီနှစ်မှာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်နေတာပါ။လီဗာပူးလ် တိုက်စစ်မှူး (၂)ဦးဖြစ်တဲ့ ဆာလတ်နဲ့ မာနေး တို့ အားပြိုင်မယ့် ဒီပွဲမှာ ဘယ်အသင်းအနိုင်ရသွားမလဲဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။