မက်ဆီတောင် ဘာစီလိုနာကနေထွက်ရတဲ့ခေတ်ကြီးမှာ ဘယ်အရာမှ အာမခံချက်မရှိနိုင်တော့

ရိုးမား ဒါရိုက်တာ တီယာဂိုပင်တိုက အသင်းရဲ့ ကွင်းလယ်လူ ဇာနီယိုလိုရဲ့ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ မက်ဆီရဲ့ အဖြစ်နဲ့ နှိုင်းယှဥ် ဥပမာပေးသွားခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ကစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ရိုးမားကွင်းလယ်လူ ဇာနီယိုလိုရဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာပြီး ပင်တိုကတော့ အခုလိုပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်တိုက “ဇာနီယိုလိုရဲ့ အပြောင်းအရွှေ့သတင်းတွေ ဒီလောက်အထိ ကျယ်လောင်နေတဲ့ အပေါ် ကျနော်အံ့အားသင့်ခဲ့ရတယ်ဆိုတာကို မငြင်းပါဘူး။ ကျနော်တို့က မက်ဆီတောင်မှ ဘာစီလိုနာကို စွန့်ခွာခဲ့ရတဲ့ ခေတ်တခုမှာ နေထိုင်နေရတာပါ။ ဒီတော့ ဘယ်သူမှ အာမခံချက်မရှိပါဘူး”

“ဇာနီယိုလိုက ရိုးမားရဲ့ အဓိက,ကစားသမားတွေထဲက တယောက်ပါ။ သူက အသင်းနဲ့လည်း (၂၀၂၄) အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကျနော် နားမလည်ပါဘူး။ ကျနော် ဝမ်းသာတာ တခုကတော့ ပရိသတ်တွေက မီဒီယာတွေလိုမျိုး ကျနော်ပြောတဲ့ စကားတွေကို အလှည့်အပြောင်း မလုပ်တာကိုပါပဲ”

“ကျနော် ဒီထက်ပိုပြီး ဒီကစားသမားအကြောင်းကို မပြောနိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အသက် (၂၂) နှစ်အရွယ် ဇာနီယိုလိုကို အသင်းပေါင်းများစွာက ချိတ်ဆက်နေပြီး သူ ရိုးမားမှာ ဆက်ရှိ၊ မရှိဆိုတာက နည်းပြမော်ရင်ဟိုအပေါ်မှာလည်း မူတည်နေပါသေးတယ်။