(၂၀၂၆) ကမ္ဘာ့ဖလားမှာပါ ဝင်ကစားဖို့ ကြိုးစားဦးမယ်လို့ ဘူဖွန် အံ့အားသင့်ဖွယ် ပြောကြား

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက အသက် (၄၄) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အီတလီ ဂန္တဝင် ဂိုးသမားကြီး ဘူဖွန်က သူ့အနေနဲ့ ကစားသမားဘဝက အနားယူဖို့ စိတ်ကူးမရှိသေးဘဲ အသက် (၅၀) အထိ ဘောလုံး ကစားသွားမယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ဘူဖွန်ဟာ အီတလီလက်ရွေးစင်မှာ ဒွန်နာရမ်မာကို နေရာဖယ်ပေးလိုက်ရပြီဖြစ်ပေမယ့် (၂၀၂၆) ကမ္ဘာ့ဖလားမှာတော့ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ထားပါသေးတယ်။ ဂျူဗင်တပ်စ်နဲ့အတူ အောင်မြင်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ဖူးတဲ့ ဘူဖွန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာတော့ အသင်းဟောင်း ပါးမားကို ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

အင်တာဗျူးတခုမှာ ဘူဖွန်က “တကယ်လို့ ဒီနှစ်မှာသာ အီတလီက ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်ခဲ့ဘူး၊ ကျနော်လည်း မပါရဘူးဆိုရင် နောက်တကြိမ် ကမ္ဘာ့ဖလားအတွက် ကျနော် ကြိုးစားကောင်း ကြိုးစားနိုင်ပါတယ်။ အသက် (၄၈) နှစ်အထိ ကျနော် ကြံ့ခိုင်မှုပြည့်ဝနေတယ်ဆိုရင်လည်း ဒါက အံ့အားသင့်စရာ မဟုတ်ပါဘူး”

“ကစားသမားဘဝကို ရှေ့ဆက်ဖို့အတွက် ကျနော်က အမြဲတမ်း ကမ္ဘာ့ဖလားကို ချွင်းချက်ပေးပေးလာခဲ့တာပါ။ အမှန်တိုင်းပြောရရင်တော့ ကျနော် ကိုယ်တိုင်က ဆက်ကစားချင်လို့ပါ။ ဘာလို့လဲဆိုတော့ ကျနော်က အခြားသူတွေ မလုပ်နိုင်တာကို လုပ်နေတာမို့လို့လေ”

“ဘာပဲဖြစ်ဖြစ် လာမယ့် ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ယှဥ်ပြိုင်ဖို့တော့ ကျနော် မဖြစ်နိုင်ဘူးဆိုတာကို နားလည်ထားပါတယ်။ မန်စီနီလိုမျိုး စမတ်ကျတဲ့လူတယောက်ရဲ့ ဆုံးဖြတ်ချက်ကို ကျနော် သေချာပေါက် လေးစားရမှာပေါ့” လို့ ပြောကြားခဲ့ပါတယ်။