ဂရင်းဝုဒ်မွှေလို့ ယူနိုက်တက်အဝတ်လဲခန်းထဲမှာပါ ပြဿနာအကြီးအကျယ်တက်နေ

ယူနိုက်တက် လူငယ် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိမ်းကျင့်ရန် ကြိုးစားမှု၊ လူသတ်ရန် ကြိုးစားမှုတို့ကြောင့် သုံးရက်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိအချိန်မှာ အာမခံနဲ့ အမှုဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ အတူနေချစ်သူ ရော့ဘ်ဆင်ရဲ့ သွေးထွက်သံယိုပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ နေ့တည်းက ရော်နယ်ဒို၊ ကာဗာနီ၊ ပေါ့ဘာ၊ ဒီဂီယာနဲ့ လင်ဒီလော့ဖ်တို့အပါအဝင် အသင်းရဲ့အရှိန်အဝါကြီးမားတဲ့ ကစားသမားအများစုက ဂရင်းဝုဒ်ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို Unfollow လုပ်ခဲ့ကြပါတယ်။

ယူနိုက်တက်ကလည်း ဂရင်းဝုဒ်ကို တစုံတရာရှင်းရှင်းလင်းလင်း မဖြစ်ခင်အချိန်အထိ အသင်းမှာ လေ့ကျင့်ခန်းဆင်းခွင့်၊ ပွဲကစားခွင့် ပိတ်ပင်ထားပြီး အသင်းစတိုးဆိုင်တွေမှာလည်း ဂရင်းဝုဒ်နာမည်ပါ ပစ္စည်းတွေရောင်းချမှုကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် ကစားသမားအချို့ကတော့ ဂရင်းဝုဒ်ဆီမှာ အပြစ်ရှိတယ်လို့ တိကျခိုင်လုံတဲ့ သက်သေ မထွက်ပေါ်လာခင်အချိန်ထိ ဂရင်းဝုဒ်ကို ဒီလိုမျိုးဆက်ဆံတာ မမှန်ကန်ဘူးလို့ ယူဆနေကြပါတယ်။ သတင်းရင်းမြစ်တယောက်က “ကစားသမားတယောက်က ဒီအပေါ်မှာ တော်တော်လေး စိတ်ပျက်နေပါတယ်”

“ဂရင်းဝုဒ်နဲ့ ပတ်သက်လို့ အားလုံး အတူမရှိနေဘူးလို့ သူခံစားနေရတာပါ။ ဂရင်းဝုဒ်က လတ်တလောမှာ တော်တော်လေးစွပ်စွဲခံထားရပြီး အသင်းဖော်တွေအကုန်လုံးလည်း ရှော့ခ်ရခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က ဘာမှဆုံးဖြတ်ချက်မရသေးပါဘူး”

“ဂရင်းဝုဒ်နဲ့ ရင်းနှီးတဲ့ ကစားသမားအချို့ကတော့ သူ့အတွက် တရားမျှတမှုရှိသင့်တယ်လို့ ယူဆနေကြပါတယ်” လို့ ပြောကြားလာခဲ့ပါတယ်။ သတင်းရင်းမြစ်ရဲ့ ပြောဆိုပုံအရတော့ တိကျသေချာတဲ့ ပြစ်ဒဏ်တစုံတရာမချမှတ်ခင်အထိ အသင်းမှာရှိတဲ့ အင်္ဂလန် ကစားသမားအစုအဖွဲ့က ဂရင်းဝုဒ်ဘက်က ရပ်တည်လိုနေဆဲဖြစ်တယ်လို့ ယူဆရပါတယ်။