အာဖရိကဖလားဗိုလ်လုပွဲမှာ ဒိုင်လူကြီးလုပ်ခွင့်ရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တဲ့ ဆာလာ

အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ မနေ့ညက ကစားခဲ့တဲ့ အာဖရိကဖလားဗိုလ်လုပွဲမှာ ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့တာကြောင့် ထူးထူးဆန်းဆန်း တုံ့ပြန်မှုတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဆီနီဂေါက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရဗိုလ်စွဲသွားတဲ့ ဒီပွဲမှာ ဆာလာနဲ့ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်တို့အကြား ရယ်ရခက်၊ ငိုရခက် ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။

ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဆီနီဂေါ တိုက်စစ်ကစားသမား မာနေးကို အီဂျစ်ကစားသမားတွေ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘော သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဆာလာက ဘောလုံးရသွားပြီး ဆီနီဂေါ နောက်တန်းကို ဖြတ်ကျော်ဖို့ ကြိုးစားနေချိန်မှာ ဒီလို ပြစ်ဒဏ်ဘောပေးခဲ့တာက ဆာလာအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ဆာလာတယောက် ကွင်းလယ်ဒိုင်ကို မပြီးနိုင်၊ မစီးနိုင် စောဒကတက်ခဲ့ပြီး ဒိုင်လူကြီးက သည်းမခံနိုင်တဲ့အဆုံး သူ့ရဲ့ဝီစီနဲ့ အဝါကတ်၊ အနီကတ်တွေကို ဆာလာဆီ ထိုးပေးပြီး ပွဲကို ဆက်လက်ကိုင်တွယ်လိုက်ဖို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆာလာကတော့ ဒိုင်လူကြီးပေးတာတွေကို မယူဘဲ ဒိုင်လူကြီးကို စောဒကတက်မြဲတက်နေခဲ့ပြီး ဒီဖြစ်ရပ်က ဗိုလ်လုပွဲမပြီးခင်မှာတင် ပရိသတ်တွေအကြား တော်တော်လေး ရေပန်းစားခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်ဟာ ပွဲကစားချိန် အစောပိုင်းမှာတင် ဆီနီဂေါကို ပင်နယ်တီပေးခဲ့ပြီး ဒီပင်နယ်တီကိုတော့ မာနေးက ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ဒီနှစ် ယှဥ်ပြိုင်ကစားခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ စောဒကတက်စရာတွေ၊ မေးခွန်းထုတ်ဝေဖန်စရာတွေ အများအပြားရှိခဲ့ပြီး အခု နောက်ဆုံးဗိုလ်လုပွဲအထိလည်း ဆာလာနဲ့ဒိုင်လူကြီးတို့အကြား ကသောင်းကနင်း ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။