ချန်ပီယံဖြစ်ခဲ့ပေမယ့် ချစ်ရတဲ့ကလပ်အသင်းဖော်ကို နှစ်သိမ့်ပေးခဲ့တဲ့ မာနေး

မနေ့ညက ကစားခဲ့တဲ့ ဆီနီဂေါနဲ့အီဂျစ်တို့ရဲ့ အာဖရိကဖလား ဗိုလ်လုပွဲမှာ ဆီနီဂေါက ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ သူတို့အတွက် သမိုင်းတလျှောက် ပထမဆုံး အာဖရိကဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန် အစောပိုင်းမှာ ဆီနီဂေါတို့ ပင်နယ်တီရရှိခဲ့ပေမယ့် မာနေးရဲ့ ဒီပင်နယ်တီကို အီဂျစ်ဂိုးသမား ဂါဘာစကီး ကာကွယ်နိုင်ခဲ့ပါတယ်။ ဆာလာဟာ မာနေး ပင်နယ်တီမကန်ခင်မှာ ဂိုးသမားနားကို သွားရောက်ကာ တစုံတခု ပြောခဲ့တာကို ရုပ်သံမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။

ပရိသတ်တွေကတာ့ ဆာလာအနေနဲ့ ကလပ်အသင်းဖော် မာနေး ပင်နယ်တီကန်တတ်တဲ့ဘက်ကို ဂါဘာစကီးအတွက် အထောက်အကူဖြစ်အောင် ပြောပြခဲ့တယ်လို့ ယုံကြည်နေကြပါတယ်။ ဆီနီဂေါနဲ့အီဂျစ်တို့ဟာ သာမန်ပွဲကစားချိန်၊ အချိန်ပိုတို့မှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဆီနီဂေါက မာနေးရဲ့ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီနဲ့အတူ ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်မှာ ဆာလာ ပင်နယ်တီမကန်ခင်မှာတင် မာနေးရဲ့ ပင်နယ်တီ ဂိုးဝင်ခဲ့တာကြောင့် အခုလိုပဲ ဆီနီဂေါတို့ ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဝမ်းနည်းကြေကွဲနေတဲ့ ဆာလာကို မာနေးက နှစ်သိမ့်ပေးနေတာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပြီး ဒီလိုမျိုး မာနေးနဲ့ဆာလာတို့ တယောက်ကို တယောက် နှစ်သိမ့်ပေးမယ့်ပုံရိပ်က သေချာပေါက် မြင်တွေ့ရမယ်ဆိုတာ ခန့်မှန်းထားပြီးသားလို့ ပရိသတ်တွေကဆိုကြပါတယ်။

ဆာလာနဲ့မာနေးတို့ဟာ ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ထပ်မံရင်ဆိုင်ရဖို့ရှိသေးပြီး ဆီနီဂေါနဲ့ အီဂျစ်နှစ်သင်းထဲက တသင်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။