အောင်ပွဲခံနေတဲ့ ပြိုင်ဘက်ကစားသမားကို လက်သီးနဲ့ဝင်ထိုးခဲ့တဲ့ လက်စတာပရိသတ်

မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့လက်စတာတို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဥ်မှာ အိမ်ရှင် နော်တင်ဟမ်ဖောရက်စ်က လက်စတာကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ လိဂ်ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်ဟာ တတိယအဆင့်မှာ အာဆင်နယ်ကို ဖြုတ်ချခဲ့ပြီး အခုတခါမှာလည်း လက်စတာကို အနိုင်ယူပြီး ပဥ္စမအဆင့်ကို တက်ရောက်ခဲ့တာပါ။

ဒီပွဲရဲ့ ပထမပိုင်းမှာတင် နော်တင်ဟမ်ဖောရက်စ်က သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အတွက် တတိယဂိုးကို ဂျိုးဝေါ်ရယ်လ်က သွင်းယူပြီးနောက် အတူတကွ အောင်ပွဲခံနေတဲ့ နော်တင်ဟမ်ဖောရက်စ် ကစားသမား ကီနန်ဒေးဗီးစ်ကို လက်စတာပရိသတ်က ဝင်ရောက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။

ချက်ချင်းဆိုသလိုပဲ ဒီလက်စတာပရိသတ်ကို ကွင်းလုံခြုံရေးတွေ၊ ရဲတပ်ဖွဲ့ဝင်တွေက ကွင်းထဲက ဆွဲထုတ်သွားခဲ့ပြီး လက်စတာကလည်း ဒီပရိသတ်ကို အိမ်ကွင်း၊ အဝေးကွင်း တသက်တာ ပွဲကြည့်ရှုခွင့် ပိတ်ပင်လိုက်တယ်လို့ တရားဝင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အထိုးခံလိုက်ရတဲ့ ဒေးဗီးစ်ဟာ အက်စတွန်ဗီလာကနေ အငှားနဲ့ လာကစားနေတာဖြစ်ပြီး ပွဲအပြီး သူ့ရဲ့တွစ်တာမှာ “ဘယ်လောက်တောင် ကောင်းမွန်တဲ့နိုင်ပွဲလဲ။ ဒါပေမယ့် ကျနော် ခေါင်းကိုက်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ဒါကတော့ သူ့အနေနဲ့ နိုင်ပွဲကိုရော၊ ရန်ပြုအထိုးခံလိုက်ရတာကိုရော ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာ အက်ဖ်အေဖလား ပဥ္စမအဆင့်မှာတော့ လိဂ်ချန်ပီယံရှစ် အသင်းတသင်းပဲဖြစ်တဲ့ ဟက်ဒါဖီးလ်ကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာရော ခြေစွမ်းပြ အနိုင်ယူနိုင်ဦးမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။