အင်စတာဂရမ်မှာ ဖော်လိုဝါသန်း(၄၀၀)ရရှိတဲ့ ပထမဆုံးလူသားဖြစ်လာတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ဟာ မကြာသေးခင်က အင်စတာဂရမ်မှာ ဖော်လိုဝါသန်း(၄၀၀)ရရှိတဲ့ ပထမဆုံးလူသား ဖြစ်လာခဲ့ပါတယ်။ရော်နယ်ဒို ဟာ သူ့ရဲ့ (၃၇)နှစ်ပြည့်မွေးနေ့အပြီး နောက်တရက်မှာ အခုလို မှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ (၂၀၂၁) စက်တင်ဘာလက ဖော်လိုဝါသန်း(၂၃၀)ကျော်ရှိခဲ့ပြီး (၆)လအတွင်းမှာ ဖော်လိုဝါသန်း (၁၇၀)ကျော် ထပ်မံရရှိခဲ့တာပါ။ရော်နယ်ဒို ဟာ ယေဘုယျအားဖြင့် သူ့လေ့ကျင့်နေတဲ့ပုံနဲ့ မိသားစု ပုံတွေကိုသာ တင်လေ့ရှိတာဖြစ်ပါတယ်။

ရော်နယ်ဒို နောက်ဆုံးတင်ခဲ့တဲ့ ပို့စ်ကတော့ သူနဲ့ သူ့့ရဲ့ လက်တွဲဖော် ဂျော်ဂျီနာ တို့ဟာ သူ့ရဲ့ အသက်(၃၇)နှစ်ပြည့် မွေးနေ့ကို ဆင်နွှဲနေတဲ့ပုံကို တင်ခဲ့တာပါ။ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီက ဂျုဗင်တပ်စ် ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရာသီအစတုန်းက ချန်ပီယံဆုရဖို့ ပစ်မှတ်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ထ်ိပ်ဆုံး(၄)သင်းထဲ၀င်ပြီး ရာသီအဆုံးသတ်ဖို့ သာ ကြိုးစားနေရတာပါ။မန်ချက်စတာ ကလပ်ဟာ ကာရာဘောင်းနဲ့ အက်ဖ်အေဖလားကနေလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ဆုဖလားရယူနိုင်ဖို့ မျှော်လင့်စရာအဖြစ် ချန်ပီယံလိဂ်သာ ရှိတော့တာဖြစ်ပြီး (၁၆)သင်းအဆင့်မှာ အသလက်တီကို အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ရော်နယ်ဒို ဟာ ဒီရာသီမှာ အသင်းအတွက် (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဒါ့အပြင် (၃)ဂိုးဖန်တီးထားတာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုရရှိဖို့ ရုန်းကန်နေရတာဖြစ်ပြီး ရော်နယ်ဒိုကလည်း ဂိုးပေါက်ပျောက်ဆုံးနေ တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အနေနဲ့ လာမယ့်ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ရမယ်ဆိုရင် ရော်နယ်ဒို ဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာ ဘန်လေ အသင်းနဲ့ ပရီးမီးယားလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။