နယူးကာဆယ် က ချန်ပီယံလိဂ်ရနိုင်လို့ အာဆင်နယ် ကို ငြင်းခဲ့ဝာာဆိုတဲ့ ဘရူနို ဂွီမာရေ့စ်

နယူးကာဆယ် ကစားသမားသစ် ဘရူနိုဂွီမာရေ့စ် ကတော့ အသင်းဟာ ချန်ပီယံလိဂ်ဖလားရနိုင်လို့ ပြောင်းလာခဲ့တာလို့ ပြောလိုက်ပါတယ်။သူဟာ အဲဗာတန် နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲမှာ နယူးကာဆယ် အတွက် ပွဲဦးထွက်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းဟာ အာဆင်နယ် အသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဘရူနို ဂွီမာရေ့စ် ကို လိုင်ယွန် အသင်းကနေ ပေါင်(၄၂)သန်းနဲ့ ခေါ်ယူခဲ့တာပါ။

တန်းဆင်းဇုန်ခြိမ်းခြောက်ခံနေရတဲ့ နယူးကာဆယ် ဟာ အာဆင်နယ် ထက် ကြီးမားသလားလို့မေးမြန်းရာမှာ ဘရူနိုဂွီမာရေ့စ် က “အသေအချာပါပဲ။ကျွန်တော်တို့ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အင်အားကြီး အသင်းတသင်းဖြစ်လာမှာပါ။နယူးကာဆယ် ကို လာတဲ့ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သံသယမရှိပါဘူး”

“သူတို့က အမှတ်ပေးဖလား ဆွတ်ခူးထားပေမယ့် ကျွန်တော်တို့က သူတို့ထက်ပိုပြီး လိုချင်ပါတယ်။ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားလည်း ရယူချင်ပါတယ်။ပိုင်ရှင်တွေက ဒါကို ရှေ့တန်းတင်ပြီးသားပါ။ဒီရာသီ ပရီးမီးယားလိဂ်မှာ အဓိကရည်မှန်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ကျန်နေတယ်ဆိုတာကို သူတို့ဖုံးကွယ်မထားပါဘူး”

“ဒါပေမယ့် လာမယ့်ရာသီတွေမှာ ရည်မှန်းချက်က ချန်ပီယံလိဂ်မှာ ရှိနေဖို့နဲ့ ချန်ပီယံလိဂ်ဖလား ရယူနိုင်ဖို့ပါ။ဒီစီမံကိန်းကိုလည်း ယုံကြည်သလို သူတို့ ပြောတဲ့အရာအားလုံးကိုလည်း ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဝယ်ယူပြီးနောက် အသင်းကို ရင်းနှီးမြုပ်နှံမှုတွေ အများကြီးပြုလုပ်မယ်လို့ ကတိပေးထားခဲ့တာဖြစ်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ကလည်း အသင်းအတွက် လိုအပ်တဲ့ ကစားသမားအချို့ကို ခေါ်ယူပေးခဲ့တာပါ။

အဲ့ဒါကြောင့် နယူးကာဆယ် အသင်းဟာ ဒီရာသီမှာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ အဓိက ထားကြိုးစားရမှာလည်းဖြစ်ပါတယ်။