တဂိုးပဲသွင်းထားနိုင်တဲ့ မက်ဆီကို လုံးဝလူမပေးချင်ခဲ့တဲ့ အမ်ဘာပေရဲ့ တကိုယ်ကောင်းဆန်မှု

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ လိုင်လီနဲ့ပီအက်စ်ဂျီတို့ရဲ့ ပြင်သစ်လီဂူးပွဲစဥ်မှာ ပီအက်စ်ဂျီက အဝေးကွင်းမှာ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဝေဖန်မှုတွေခံနေရတဲ့ မက်ဆီက ပထမပိုင်းမှာတင် တဂိုးသွင်း၊ တဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

မက်ဆီဟာ အသင်းအတွက် တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ဒီဂိုးအတွက် အမ်ဘာပေရဲ့ သိသာထင်ရှားတဲ့အပြုအမူတခုကို မြင်တွေ့ခဲ့ရပါတယ်။ အမ်ဘာပေဟာ ဘောလုံးကို တောက်လျှောက်ဆွဲပြေးလာပြီး လူကပ်ထားတဲ့ ကစားသမားမရှိတဲ့ မက်ဆီကိုတော့ ဘောလုံး မပေးခဲ့ပါဘူး။

ဂိုးဧရိယာထိပ်ရောက်လို့ လူကျပ်သွားတဲ့အချိန်မှာတောင် အမ်ဘာပေက မက်ဆီကို လုံးဝဘောလုံးမပေးခဲ့ဘဲ တကိုယ်တော်အစွမ်းနဲ့ ဧရိယာထဲကို တိုးဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်နောက်ခံလူတွေက ဟန့်တားခဲ့တာကြောင့် ဘောလုံးက ဧရိယာထိပ် ပြန်ထွက်လာပါတယ်။

ဒီနေရာမှာ လိုင်လီနောက်ခံလူတွေရဲ့ ရှင်းထုတ်ပုံ မသေသပ်မှုကြောင့် မက်ဆီက ဘောလုံး ပြန်ရသွားပြီး ဧရိယာထဲဆွဲဝင်ကာ ပြိုင်ဘက် ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီမတိုင်ခင်က ပြင်သစ်လီဂူးမှာ တဂိုးသာ သွင်းထားနိုင်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီပွဲမှာတော့ မက်ဆီတယောက် ဂိုးရရှိခဲ့ပေမယ့် သူ့ကို ဘောလုံးပေးပို့ဖို့ လုံးဝစိတ်မဝင်စားတဲ့ အမ်ဘာပေရဲ့ ကစားဟန်ကြောင့် ပရိသတ်တွေကတော့ ဝေဖန်မှုတွေရှိနေပါတယ်။

ပရိသတ်တွေကတော့ “အမ်ဘာပေသာ တကိုယ်ကောင်းမဆန်ရင် ဂိုးဖန်တီးမှုရသွားမှာပါ။ ဒါပေမယ့် သူက ကမ္ဘာ့အကောင်းဆုံးဖြစ်ဖို့ပဲ ကြိုးစားခဲ့ပါတယ်” လို့ ရေးသားခဲ့သလို အခြားသော ပရိသတ်တွေကလည်း အမ်ဘာပေကို အသီးသီး ဝေဖန်ခဲ့ကြပါတယ်။