ဆေးရုံပေါ်ရောက်ပြီး နှစ်ရက်လောက်တည်းက ဘောလုံးပြန်ကန်နိုင်မှာကို သိခဲ့တဲ့ အဲရစ်ဆင်

ဘရန့်ဖို့ဒ်နဲ့အတူ ကာလတို စာချုပ်ချုပ်ဆိုပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ အဲရစ်ဆင်က နှလုံးရောဂါ စတင်ခံစားခဲ့ရတဲ့ အချိန်ကာလတွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို- ၂၀၂၀ မှာ အဲရစ်ဆင်က ဒိန်းမတ်အတွက် ကစားပေးရင်း ဖင်လန်နဲ့ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းအတွင်း သတိမေ့လဲကျခဲ့ပါတယ်။

အရေးပေါ်ကုသမှုတွေ ချက်ချင်းပြုလုပ်ခဲ့ရပြီး ဆေးရုံကိုတင်ပို့ခဲ့ရတဲ့နောက် အဲရစ်ဆင်တယောက် နှလုံးမှာ စက်ထည့်ထားရပြီး အီတလီစီးရီးအေမှာ နှလုံးစက်ထည့်ထားတဲ့ ကစားသမားတွေကို ကစားခွင့်မပေးတဲ့ စည်းမျဥ်းကြောင့် အင်တာမီလန်နဲ့ လမ်းခွဲခဲ့ရပါတယ်။

ဒါပေမယ့် အဲရစ်ဆင်ကတော့ ဘောလုံးကစားဖို့ လက်မလျှော့ခဲ့ဘဲ အခုလိုမျိုး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီအပေါ်မှာ အဲရစ်ဆင်က “ဆေးရုံကို သွားနေတဲ့လမ်းမှာ ကျနော့်ဇနီးကို နားရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်”

“ဒါပေမယ့် နှစ်ရက်လောက်နေတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။ စစဖြစ်ချင်းညနဲ့ နောက်တရက်မှာ ဘယ်လိုအနေအထားရှိလဲ ကျနော် သုံးသပ်ခဲ့ပါတယ်။ ကျနော် ပြန်ကစားနိုင်မလားဆိုတာကို စဥ်းစားခဲ့ပြီး ဆရာဝန်တွေ ပြောတာကိုလည်း နားထောင်ခဲ့ပါတယ်”

“လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးဆုံးတဲ့နောက် ကျနော် ဖြည်းဖြည်းချင်း ပြန်ကစားလို့ရပြီဆိုတာ သိလာပါတယ်။ ဆေးစစ်မှုတွေ အများကြီးလုပ်ခဲ့ရတယ်၊ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ နှလုံးက ဘယ်လိုတုံ့ပြန်မလဲ စောင့်ကြည့်ခဲ့ရတယ်၊ ကံကောင်းစွာနဲ့ပဲ ဘာလက္ခဏာမှ ပြန်မပြခဲ့ပါဘူး” လို့ ဘရန့်ဖို့ဒ် ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။