ဆာလာကို ဘယ်လိုစကားလုံးမျိုးနဲ့ အားပေးခဲ့လဲဆိုတာကို မာနေး လူသိရှင်ကြားဖွင့်ဟ

ဆီနီဂေါနဲ့အီဂျစ်တို့ရဲ့ အာဖရိကဖလား ဗိုလ်လုပွဲအပြီးမှာ ဝမ်းနည်းကြေကွဲနေတဲ့ ဆာလာကို ဘယ်လိုမျိုး နှစ်သိမ့်အားပေးခဲ့ရလဲဆိုတာ မာနေးက ဖွင့်ဟပြောကြားလာပါတယ်။

လီဗာပူးအသင်းဖော်နှစ်ယောက်ဖြစ်တဲ့ မာနေးနဲ့ဆာလာတို့ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့ခဲ့တဲ့ ဒီပွဲမှာ မာနေးရဲ့ ဆီနီဂေါက ဆာလာရဲ့အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိပြီး ဆီနီဂေါသမိုင်းတလျှောက် ပထမဆုံး အာဖရိကဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဆာလာတယောက် ကြေကွဲဝမ်းနည်းနေခဲ့ပြီး မာနေးကတော့ ဆာလာကို ပွေ့ဖက်နှစ်သိမ့်ပေးခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မာနေးက အခုလိုပဲ ဖွင့်ဟပြောကြားလာပါတယ်။

မာနေးက “ကျနော် ဆာလာကို သူက အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတယောက်ဖြစ်နေဆဲဆိုတာရယ်၊ သူနဲ့ ကလပ်အသင်းဖော်ဖြစ်ရတာ ကျေနပ်စရာ ကောင်းတယ်ဆိုတာရယ် ပြောခဲ့ပါတယ်”

“သူနဲ့ ပတ်သက်လို့ ကျနော် အများကြီး လေးစားပြီး သူက နိုင်ငံအသင်းအတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သူ ဖလားမရခဲ့ပါဘူး။ ဒါပေမယ့် ဒါက သူ့အတွက် ပြီးဆုံးသွားပြီဆိုတဲ့ သဘောမဟုတ်ပါဘူး။ သူ့အတွက် နောက်ထပ်အောင်မြင်မှုတွေ ဆွတ်ခူးနိုင်တဲ့ အခွင့်အရေးတွေရှိသေးတယ်ဆိုတာလည်း ပြောဖြစ်ခဲ့ပါသေးတယ်”

“(၂၀၂၃) အာဖရိကဖလားပြိုင်ပွဲလိုမျိုးပေါ့။ သူတို့မှာ ငယ်ရွယ်တဲ့အသင်းတသင်းရှိပြီး တနေ့မှာ ဒီဖလားကို ဆွတ်ခူးနိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဆာလာနဲ့မာနေးတို့ လီဗာပူးနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်ပြီး ဆာလာက လက်စတာနဲ့ကစားမယ့်ပွဲမှာတင် ပြန်လည် ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။