လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက မာနေးကို ဘိုင်ယန်မြူးနစ်ထံ ရောင်းချဖို့ လီဗာပူးက သဘောတူညီလိုက်တဲ့နောက် ဒီကစားသမားအတွက် နှုတ်ဆက်စကားကို တွစ်တာပေါ်က တဆင့် ပြောကြားခဲ့ပါတယ်။ မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှုတွေ ခံယူတော့မှာပါ။
မနေ့က ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကိုယ်တိုင် အင်္ဂလန်ကို လာရောက်ကာ မာနေးရဲ့ ပြောင်းရွှေ့ကြေးအတွက် ညှိနှိုင်းခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်သင်းကြား သဘောတူညီမှုရခဲ့ပြီး ဆာလီဟာမစ်ဇ်ကလည်း မာနေး ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မယ်လို့ အတည်ပြုခဲ့ပါတယ်။

အသက် (၃၀) အရွယ် မာနေးဟာ လီဗာပူးနဲ့ နောက်တရာသီသာ စာချုပ်သက်တမ်း ကျန်ရှိတော့တာပါ။ လီဗာပူးဟာ ဆာလာကိုပဲ စာချုပ်သစ်ချုပ်ဆိုဖို့ အဓိက ဦးစားပေး ကြိုးစားနေချိန်မှာ မာနေးက အခုလိုမျိုး အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီလိုမျိုး မာနေးထွက်ခွာတော့မယ့်အပေါ် ကာရေဂါက “ဒီဘက်ခေတ်မှာ ကျနော့်အကြိုက်ဆုံး လီဗာပူးကစားသမားက မာနေးပါ။ သူ နောက်ဆုံးတော့ ထွက်သွားပါတော့မယ်”

“အများကြီးမပေးခဲ့ရဘူး၊ မြင့်မားတဲ့ စွမ်းဆောင်ရည်တွေ ပြန်ရခဲ့တယ်၊ ဒဏ်ရာလည်း ဘယ်တော့မှမရခဲ့ပါဘူး။ ဆုဖလားနဲ့ ဂိုးတွေ ရယူပေးခဲ့တယ်။ လီဗာပူးအတွက် စစ်မှန်တဲ့ ဂန္တဝင်တယောက်ပါ။ ကျေးဇူးပါ မာနေး” လို့ ရေးသားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မာနေးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရို (၃၂) သန်းနဲ့ အပိုဆုကြေးတွေ ပေါင်းစပ်လိုက်မယ်ဆိုရင် လီဗာပူး တောင်းဆိုနေတဲ့ ယူရိုသန်း (၄၀) ကို ပြည့်မှီနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ လီဗာပူးတာဝန်ရှိသူတွေက မာနေးအတွက် ကမ်းလှမ်းမှုကို လက်ခံလိုက်တာပါ။