ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ပိုလန်တိုက်စစ်မှူးကြီးက ချဲလ်ဆီးကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တနှစ်ကျန်ရှိပါသေးတယ်။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ဘောလုံးရာသီ မပြီးခင်မှာတည်းက စိန်ခေါ်မှုအသစ်တွေကို ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဝန်ဒေါစကီးကို ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင်က လီဝန်ဒေါစကီးကို ဒီနွေရာသီ ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီမတိုင်ခင်က ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြောင့် လီဝန်ဒေါစကီးကို ခေါ်ယူနိုင်စွမ်းမရှိဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ဘာစီလိုနာက ဘဏ္ဍာရေးပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိပြီလို့ဆိုပါတယ်။

အဲ့ဒါကြောင့်လည်း ကစားသမားအပြောင်းအရွှေ့တွေကို ပုံမှန်အတိုင်း ပြုလုပ်နိုင်ပြီလို့ သိရပါတယ်။ ဒီကြားထဲမှာ တိုက်စစ်မှူးသစ် လိုအပ်နေတဲ့ ချဲလ်ဆီးကလည်း လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် လီဝန်ဒေါစကီးက ငြင်းဆန်ပယ်ချခဲ့ပြီး ဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက်သာ စိတ်ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာလည်း လီဝန်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

အဲ့ဒီအချိန်ကလည်း ဘိုင်ယန်မြူးနစ်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ လီဝန်ဒေါစကီးကို လက်လွှတ်ရမယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင် အလိုရှိနေပါတယ်။