ဘိုင်ယန်မြူးနစ်ဟာ လီဝန်ဒေါစကီးအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ယူရိုသန်း (၅၀) အနည်းဆုံးရရှိမှသာ စတင်စဥ်းစားမယ်လို့ သိရှိရပါတယ်။ ဒီနှစ်သင်းကြား ထိပ်တိုက်ဆွေးနွေးမှုတွေ ရှေ့တပတ်ထဲ စတင်ဖို့ မျှော်လင့်ထားပါတယ်။

ဘာစီလိုနာဟာ လီဝန်ဒေါစကီးအတွက် ယူရို (၃၂) သန်း အပိုဆုကြေး ယူရို (၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ထည့်သွင်းစဥ်းစားခဲ့ခြင်းတောင် မရှိပါဘူး။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်က တိုက်စစ်ကစားသမားသစ် ခေါ်ယူပြီးမှသာ လီဝန်ဒေါစကီးအတွက် ကမ်းလှမ်းမှုတွေကို စဥ်းစားမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
အခုချိန်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ လီဗာပူး တိုက်စစ်ကစားသမား မာနေးကို ယူရို (၃၂) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါပြီ။ အဲ့ဒါကြောင့်လည်း လီဝန်ဒေါစကီးကို ရောင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ပါပြီ။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်က ယူရိုသန်း (၅၀) ရမှသာ စတင်စဥ်းစားမှာဖြစ်ပြီး ဒီပမာဏက ဘာစီလိုနာအတွက် ဝန်လေးတဲ့ပမာဏတရပ်ဖြစ်နိုင်ပါတယ်။ ဘာစီလိုနာဟာ အသင်းရဲ့ဘဏ္ဍာရေးပြဿနာကြောင့် ရုပ်သံထုတ်လွှင့်ခွင့် မူပိုင်ခွင့်၊ အသင်းပစ္စည်းရောင်းချခွင့် အစရှိတာတွေကို လက်လွှဲရောင်းချထားရပါတယ်။

လီဝန်ဒေါစကီးကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ ဘာစီလိုနာကတော့ လီဝန်ဒေါစကီးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) နဲ့ အပိုဆုကြေး ယူရို (၈) သန်းကနေ (၁၀) သန်းအထိ ပေးချေမယ့် စာချုပ်တရပ်နဲ့ ကမ်းလှမ်းဖွယ်ရှိပါတယ်။