စာချုပ်သစ်ချုပ်ပြီး လီဗာပူးလ်ရဲ့လုပ်ခလစာအများဆုံးရ ကစားသမားဖြစ်လာတဲ့ ဆာလတ်

ဆာလတ်ဟာ လီဗာပူးလ်အသင်းနဲ့ ၃ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် လုပ်ခလစာအများဆုံးရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ဆာလတ်ဟာ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲရရှိမှာပါ။ဆာလတ်ဟာ အရင်ချုပ်ဆိုထားတဲ့စာချုပ်ဟာ တစ်နှစ်သာ ကျန်ရှိတော့ပေမယ့် စာချုပ်သစ်ကြောင့် အသင်းမှာ ၂၀၂၅ အထိ ရှိတော့မှာဖြစ်ပါတယ်။

ကလောပ့်က “ဒါဟာ ကျွန်တော်တို့ အတွက်ရော သူ့အတွက်ပါ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ။သူက ကျွန်တော်တို့နဲ့ သက်ဆိုင်ပြီး ဒါက သူ့ကလပ်ပါ။ဒီသတင်းကြောင့် အားပေးသူပရိသတ်တွေအတွက် ပျော်ရွှင်မှုရှိမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆာလတ်ဟာ ရိုးမားကနေ ရောက်လာပြီး လီဗာပူးလ်အသင်းအတွက် ကစားခဲ့တဲ့ ၅ နှစ်အတွင်းမှာ ၂၅၄ ပွဲကစားပြီး ၁၅၆ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဆာလတ်က “ကျွန်တော်အလွန်ပျော်ရွှင်ပြီး ကလပ်အသင်းနဲ့ ဆုဖလားတွေရဖို့ စိတ်လှုပ်ရှားနေပါတယ်။ဒါဟာ လူတိုင်းအတွက် ပျော်ရွှင်စရာနေ့တစ်နေ့ပါ။ကျွန်တော်တို့ဟာ အရာအားလုံးကို တိုက်ပွဲဝင်ဖို့ ကောင်းမွန်တဲ့ အနေအထားမှာရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆာလတ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊အက်ဖ်အေဖလား၊ ကာရာဘောင်းဖလား၊ ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတို့ကို ရရှိခဲ့တာပါ။

ဆာလတ်ဟာ ပရီးမီးယားလိဂ် ဂိုးသွင်းရွှေဖိနပ်ဆု ၃ ကြိမ်၊ PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ၂ ကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။