ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ ဖရန်ကီဒီဂျောင်ကို ဂုဏ်ပြုလိုက်ကြောင်း သိရှိရပါတယ်။ ဗန်ဒီဘိခ်နဲ့ဒီဂျောင်တို့ဟာ အေဂျက်စ်မှာ အသင်းဖော်ဟောင်းတွေဖြစ်ခဲ့ကြပါတယ်။
ဒီဂျောင်ဟာ သူ့ချစ်သူကိုလက်ထပ်ခွင့်တောင်းခံနေတဲ့ ပုံရိပ်ကို ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပြီး “ဘဝရဲ့လက်ကျန်သက်တမ်းကို သူနဲ့အတူ ဖြတ်သန်းဖို့ မစောင့်ဆိုင်းနိုင်တော့ဘူး၊ သူကလည်း လက်ခံခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီလိုမျိုး ဒီဂျောင်ရဲ့ အမှတ်တရဖြစ်ရပ်အတွက် နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ကလည်း “ဂုဏ်ပြုပါတယ်” လို့ မှတ်ချက်ပြုရေးသားခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ် ဗန်ဒီဘိခ်နဲ့ ဒီဂျောင်တို့ ယူနိုက်တက်မှာ ပြန်လည် ပေါင်းစည်းဖြစ်ဖို့လည်း နီးစပ်နေပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကိုခေါ်ယူနိုင်ဖို့ အားစိုက်ကြိုးပမ်းနေပြီး လာမယ့်ရက်သတ္တပတ်အတွင်း တရားဝင်သဘောတူညီမှုရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဒီဂျောင်က နွေရာသီအားလပ်ရက်အဖြစ် အပန်းဖြေ အနားယူနေဆဲပါ။

တန်ဟက်ခ်ဟာ ဒီဂျောင်ကို သူ့ရဲ့ဦးစားပေးပစ်မှတ်အဖြစ် အလိုရှိနေပါတယ်။ ယူနိုက်တက်ဟာ ဒီဂျောင်အတွက် ဘာစီလိုနာကို ကနဦးပြောင်းရွှေ့ကြေး ယူရို (၆၅) သန်းအပြင် အပိုဆုကြေး ယူရိုသန်း (၂၀) နဲ့ ကမ်းလှမ်းထားပါတယ်။
ဒီဂျောင်ဘက်က ယူနိုက်တက်ကိုပြောင်းရမယ့်အပေါ်မှာလည်း မတင်မကျဖြစ်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ ဗန်ဒီဘိခ်က သူ့ရဲ့ အသင်းဖော်ဟောင်းကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ဗန်ဒီဘိခ်ဟာလည်း လာမယ့်ရာသီ ယူနိုက်တက်မှာ တန်ဟက်ခ်ရဲ့ အဓိက,ကစားသမားဖြစ်လာဖို့ရှိပြီး ဒီဂျောင်နဲ့တွဲကစားခွင့်ရဖို့ အခုတည်းက သိမ်းသွင်းနေတယ်လို့ ဆိုရတော့မှာဖြစ်ပါတယ်။