ပီအက်စ်ဂျီကြယ်ပွင့်နေမာဟာ သူ့ရဲ့ လက်ရှိစာချုပ်မှာပါဝင်တဲ့ တနှစ်သက်တမ်းတိုးခွင့်ကို အခုတည်းက အသက်သွင်းဖို့ ပြင်ဆင်နေကြောင်း စပိန်နဲ့ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

နေမာကိုရောင်းထုတ်ဖို့ ပီအက်စ်ဂျီဥက္ကဌ အယ်လ်ခီလိုင်ဖီက ပစ်မှတ်ထားနေပြီး ကစားသမားကတော့ အသင်းဘက်က လုပ်ရပ်ကို စိတ်ပျက်နေတယ်လို့ သိရပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ တနှစ်လုပ်ခ ယူရိုသန်း (၃၀) အထိ ရရှိနေတာပါ။

လက်ရှိ သူ့ရဲ့ စာချုပ်ကလည်း (၂၀၂၅) အထိ သက်တမ်းရှိနေဆဲဖြစ်ပြီး ဒီစာချုပ်ကို ပြီးခဲ့တဲ့ (၂၀၂၁) ကမှ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နေမာရဲ့ လက်ရှိစာချုပ်မှာ နောက်ထပ် သက်တမ်းတိုးခွင့်ပါရှိတာကြောင့် ဒီအချက်သာ အသက်ဝင်လာရင် နေမာအနေနဲ့ ပီအက်စ်ဂျီမှာ (၂၀၂၇) အထိ ဆက်ရှိမှာပါ။
နေမာဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအတွက် လိဂ်ပွဲ (၂၂) ပွဲကစား၊ သွင်းဂိုး (၁၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီကစားသမားက အသင်းအရေးကြီးတဲ့အချိန်မှာ အမြဲတမ်းလိုလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဒီအချက်ကို အသင်းဘက်က သဘောမကျဘဲ အယ်လ်ခီလိုင်ဖီက နေမာကိုရောင်းချဖွယ်ရှိတဲ့အကြောင်းကို အရိပ်အမြွက်ပြောကြားထားပါတယ်။ ဒီအပေါ်မှာ နေမာက ဒေါသပေါက်ကွဲနေပြီး အသင်းကထွက်ခွာဖို့ စဥ်းစားနေပါသေးတယ်။

တဖက်မှာလည်း ကစားသမားက သူ့ရဲ့ စာချုပ်သက်တမ်းကို ပီအက်စ်ဂျီနဲ့သာ ဆက်လက်သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီး နေမာရဲ့အနာဂတ် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။